India (Delhi)

WTO တွင် နောက်ဆုံးကျန်ရှိနေသည့် အငြင်းပွားမှုကို ဖြေရှင်းရန် အိန္ဒိယနှင့် အမေရိကန်တို့သဘောတူညီ

Last Updated:

အမေရိကန်နှင့် အိန္ဒိယတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ကြက်၊ ဘဲ စသည့်မွေးမြူရေးနှင့်ပတ်သက်သည့် ၎င်းတို့၏နောက်ဆုံးကျန်ရှိနေသည့် အငြင်းပွားမှုကိုဖြေရှင်းရန် သဘောတူညီခဲ့သည်ဟု  အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်(USTR)က သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ယင်းသဘောတူညီချက်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် အိန္ဒိယသည် အေးခဲကြက်ဆင်၊ အေးခဲသောဘဲ၊ လတ်ဆတ်သောဘလူးဘယ်ရီနှင့် ခရမ်ဘယ်ရီများ၊ အေးခဲထားသော ဘလူးဘယ်ရီနှင့် စတော် ဘယ်ရီများ၊ ဘလူးဘယ်ရီခြောက်နှင့် စတော်ဘယ်ရီသီးခြောက်များ၊ ပြုပြင်ထားသော ဘလူးဘယ်ရီနှင့် စတော်ဘယ်ရီသီးများအပါအဝင် အချို့သောအမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန်လျှော့ချရန် သဘောတူခဲ့ကြောင်း USTR ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအခွန်လျှော့ချမှုသည် အမေရိကန်စိုက်ပျိုးထုတ်လုပ်သူများအတွက် စီးပွားရေးအခွင့်အလမ်းများကို ချဲ့ထွင်ပေးမည်ဖြစ်ပြီး အရေးကြီးသည့်ဈေးကွက်တည်ရှိရာ အိန္ဒိယရှိဖောက်သည်များထံသို့ အမေရိကန်ထုတ်ကုန်များ ပိုမိုရောက်ရှိစေရန် ကူညီပေးနိုင်မည်ဟု USTR ရုံးက ပြောကြားခဲ့သည်။

G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမတိုင်မီ သောကြာနေ့တွင် နယူးဒေလီမြို့၌ ဝန်ကြီးချုပ်နာရင်ဒြာမိုဒီနှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့တွေ့ဆုံပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ အိန္ဒိယနှင့် အမေရိကန်အကြား သတ္တမမြောက်နှင့် နောက်ဆုံး WTO အငြင်းပွားမှုကို ပြေလည်မှုရရှိသွားသည့်အတွက် ခေါင်းဆောင်များက ချီးကျူးဂုဏ်ပြုခဲ့ကြကြောင်း၊ယင်းဖြေရှင်းနိုင်မှုသည် ၂၀၂၃ ခုနှစ် ဇွန်လတွင် WTO ၌ မကြုံစဖူးထူးထူးခြားခြား နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုခြောက်ခုကို ပြေလည်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးနောက် ဆက်လက်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သောကြာနေ့က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်ဘက်စလုံးသည် ပြီးခဲ့သည့်လက WTO အငြင်းပွားမှုအား ဆွေးနွေးခဲ့ကြပြီး မကြာမီ အဖြေတစ်ခုရရှိရန် တူညီသောဆန္ဒကို ထုတ်ဖော်ခဲ့ကြကြောင်း၊ ယခုနောက်ဆုံးထူးခြားသော WTO အငြင်းပွားမှုကို ဖြေရှင်းခြင်းသည် အမေရိကန်-အိန္ဒိယကုန်သွယ်မှုဆက်ဆံရေးအတွက် အရေးကြီးသောမှတ်တိုင်တစ်ရပ်ကိုကိုယ်စားပြုပြီး အချို့သောအမေရိကန်ထုတ်ကုန်များအပေါ် စည်းကြပ်ခွန်များလျှော့ချခြင်းသည် အမေရိကန်စိုက်ပျိုးရေးထုတ်လုပ်သူများအတွက် အရေးကြီးသောစျေးကွက်ရရှိရေးကို မြှင့်တင်ပေးနိုင်မည်ဟု USTR ၏ကိုယ်စားလှယ်ဖြစ်သူ Katherine Tai က ပြောကြားခဲ့သည်။

ယခင်ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သည့် အငြင်းပွားမှုခြောက်ခုမှာ အိန္ဒိယ၏အပူခံကာဗွန်သံမဏိပြားအလိပ်ထုတ်ကုန်အချို့အပေါ် တန်ပြန်အခွန်ကောက်ခံမှုများ၊ ဆိုလာဆဲလ်များနှင့် မော်ဂျူးများနှင့် ပတ်သက်သည့် အချို့သောအစီအမံများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့်ပတ်သက်သည့် အစီအမံများ၊ အိန္ဒိယ၏ပို့ကုန်ဆိုင်ရာအစီအမံများ၊ သံမဏိနှင့် အလူမီနီယမ်ထုတ်ကုန်များဆိုင်ရာ တိုင်းတာမှုများနှင့် US မှ အချို့သောထုတ်ကုန်များအပေါ် ထပ်ဆောင်းအခွန်ကိစ္စရပ်များဖြစ်ကြောင်း သိရှိရသည်။

Source: India, US agree to resolve last outstanding WTO dispute, The Economic Times, September 9, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)