India (Kolkata)

အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာနမှ MSMEs များအတွက် E-Commerce ဆိုင်ရာ ပို့ကုန်လက်စွဲစာအုပ်ထုတ်ပြန်၊ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများပေးရန် Shiprocket ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Last Updated:

အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(Directorate General of Foreign Trade-DGFT)သည် နိုင်ငံတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) အားကိုးအားထားပြုနိုင်မည့် E-Commerce ဆိုင်ရာ ပို့ကုန်လက်စွဲစာအုပ်(E-Commerce Exports Handbook for MSMEs) အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါလက်စွဲစာအုပ်ကို အင်္ဂလိပ်ဘာသာအပါအဝင် ဒေသသုံးဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေထားပြီး၊ အိန္ဒိယ MSME များအတွက် ကမ္ဘာ့ဈေးကွက်သို့ အဆင့်မီမီတက်လှမ်းနိုင်စေရန် လိုအပ်သောသတင်းအချက်အလက်နှင့် မဟာဗျူဟာများကို ပြည့်ပြည့်စုံစုံထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

အဆိုပါလက်စွဲစာအုပ်ကို အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal က နယူးဒေလီမြို့တော်တွင် တရားဝင်အခမ်းအနားဖြင့် ထုတ်ပြန်ကြေညာပေးခဲ့ကာ ၎င်းသည် အိန္ဒိယနိုင်ငံ၏ ၂၀၂၃ ခုနှစ် နိုင်ငံခြားကုန်သွယ်မှုမူဝါဒရည်မှန်းချက်များနှင့်ကိုက်ညီပြီး အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် DGFT သည် e-commerce အသုံးပြု ပို့ကုန်မြှင့်တင်မှုမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် e-commerce ဆိုင်ရာ ကျွမ်းကျင်သောကုမ္ပဏီတစ်ခုဖြစ်သည့် Shiprocket နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။ ပို့ကုန်အချက်အခြာဒေသများဆိုင်ရာ အစီအစဉ်(Export Hubs program)အဖြစ် အိန္ဒိယနိုင်ငံ၏ ခရိုင်ဒေသအသီးသီး၌ MSME အရည်အချင်းမြှင့်တင်မှုဆိုင်ရာသင်တန်းနှင့် ဆွေးနွေးပွဲများကျင်းပပေးရန်ရည်ရွယ်၍ ၎င်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလက်စွဲစာအုပ်ထုတ်ပြန်ခြင်းအခမ်းအနားတွင် ဝန်ကြီး Goyal က အိန္ဒိယနိုင်ငံ၏ ရိုးရာထုတ်ကုန်များကို ကမ္ဘာက စိတ်ဝင်စားကြောင်း၊ အိန္ဒိယ MSME လုပ်ငန်းများ၊ ရိုးရာလက်မှုလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားနှင့် စားသောက်ကုန်ထုတ်လုပ်သူများကို e-commerce အသုံးပြု၍ ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်တတ်အောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။ ၎င်းလက်စွဲစာအုပ်ကို အင်္ဂလိပ်၊ ဟင်ဒီ၊ ဂူဂျာရက်၊ ကန်နာဒါစသည့်ဘာသာစကား(၄)မျိုးဖြင့် ကနဦးထုတ်ဝေထားပြီး၊ အိန္ဒိယနိုင်ငံရှိ ပြည်နယ်အသီးသီးသို့ ကျယ်ပြန့်စွာရောက်ရှိနိုင်ရန် နောက်ထပ်ဘာသာစကားများကိုလည်း ထပ်မံထည့်သွင်းပြန်ဆို၍ ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလက်စွဲစာအုပ်ထုတ်ဝေခြင်းအပြင် ချောပို့လုပ်ငန်းနှင့် စာတိုက်မှတစ်ဆင့်တင်ပို့သော ပို့ကုန်များအတွက် အကောက်ခွန်ပြန်လည်ထုတ်ယူခွင့်အစီအစဉ်(Scheme for Remission of Duties and Taxes on Exported Products-RoDTEP)ကို သက်တမ်းထပ်မံတိုးမြှင့်ကြောင်း ဝန်ကြီးက ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါမဟာဗျူဟာဆောင်ရွက်ချက်ကြောင့် အိန္ဒိယ SME ကဏ္ဍအရှိန်အဟုန်ဖြင့် တိုးတက်ရန် အထောက်အကူပြုပြီး၊ ၎င်းတို့အနေဖြင့် အစိုးရ၏အထောက်အပံ့အစီအစဉ်များကို သိရှိအသုံးချတတ်စေရန်နှင့် e-commerce ပလက်ဖေါင်းများမှတစ်ဆင့် ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်စေရန် တိုက်တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရမှ အိန္ဒိယ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) အားကိုးအားထားပြုနိုင်မည့် E-Commerce ဆိုင်ရာ ပို့ကုန်လက်စွဲစာအုပ်(E-Commerce Exports Handbook for MSMEs)အားထုတ်ပြန်ခဲ့ခြင်း၊ ၎င်းတို့အား အရည်အချင်းမြှင့်တင်နိုင်ရေးအတွက် Shiprocket ကုမ္ပဏီနှင့်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်းနှင့် ပို့ကုန်များအတွက် အကောက်ခွန်ပြန်လည်ထုတ်ယူခွင့်အစီအစဉ်(Scheme for Remission of Duties and Taxes on Exported Products-RoDTEP)ကို သက်တမ်းထပ်မံတိုးမြှင့်ခဲ့သည့်ကိစ္စရပ်များကို သိရှိပြီး၊ မြန်မာ MSME လုပ်ငန်းများကိုလည်း E-Commerce မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့တက်လှမ်းနိုင်သည်အထိ စွမ်းဆောင်ရည်ပြည့်ဝပြီး၊ ထုတ်ကုန်အရည်အသွေးများ တိုးတက်ကောင်းမွန်အောင် မဟာဗျူဟာများချမှတ်ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။    (၁)   Financial Express သတင်းဌာန၊ “Piyush Goyal releases E-Commerce Exports Handbook for MSMEs; extends RoDTEP to courier, postal exports”၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။

                        (၂)    Indian Transport and logistics News သတင်းဌာန၊ “Shiprocket, DGFT sign MoU for MSME e-commerce exports”၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်။            

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)