India (Kolkata)

ပဲစဉ်းငုံနှင့် မတ်ပဲကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် အရေအတွက်ကန့်သတ်ချက်မရှိ တင်သွင်းခွင့် ၂၀၂၅ ခုနှစ်၊ မတ်လအထိ အိန္ဒိယတိုးမြှင့်သတ်မှတ်

Last Updated:

အိန္ဒိယအစိုးရသည် ပဲနီလေးကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုလိုက်ပြီးနောက် သိပ်မကြာမီ ပဲစဉ်းငုံနှင့် မတ်ပဲတို့ကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် အရေအတွက်ကန့်သတ်ချက်မရှိ တင်သွင်းခွင့်အား ၂၀၂၅ ခုနှစ်၊ မတ်လကုန်အထိ တစ်နှစ်သက်တမ်းထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။

ပဲစဉ်းငုံနှင့် မတ်ပဲတို့ကို လွတ်လပ်စွာတင်သွင်းခွင့်မူဝါဒအား ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ်သက်တမ်း ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)က ယခုလ ၂၈ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည့် အမိန့်ကြော်ငြာစာအမှတ် ၅၄/၂၀၂၃ တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် အဆိုပါပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်း(ခွဲခြမ်း)တို့ကို ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့မှစတင်၍ လွတ်လပ်စွာတင်သွင်းနိုင်သည့် သွင်းကုန်အမယ်များ(‘free category’)အောက်သို့ ပြောင်းရွှေ့ ခွင့်ပြုခဲ့ကာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ သက်တမ်းသတ်မှတ်ခဲ့သည်။ ထို့နောက် အဆိုပါပဲအမျိုးအစားများကို အဓိကထုတ်လုပ်သော ပြည်နယ်များ၌ မိုးရွာသွန်းမှုနည်းပါးကာ ပြည်တွင်းထုတ်လုပ်မှုလျော့နည်းကျဆင်းခဲ့သည့်အတွက် ၎င်းအား သက်တမ်းထပ်မံ၍ တိုးမြှင့်သတ်မှတ်ခဲ့သည်။ ယခုလ ၂၁ ရက်နေ့ကလည်း ပဲနီလေးအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းမှုအား ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၁ နှစ်သက်တမ်း ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့သေးသည်။

ပဲစဉ်းငုံထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်၊ ခါရစ်(မိုးရာသီ)က တန်ချိန် ၃၃ ဒသမ ၁၂ သိန်းမှ ၂၀၂၃ ခုနှစ်၊ ခါရစ်(မိုးရာသီ)တွင် ၃၄ ဒသမ ၂ သိန်းသို့ တိုးမြင့်လာဖွယ်ရှိကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ မတ်ပဲထုတ်လုပ်မှုမှာ ယခင်နှစ်၊ ခါရစ်(မိုးရာသီ)က တန်ချိန် ၁၇ ဒသမ ၆၈ သိန်းရှိခဲ့ရာမှ ယခုနှစ်၊ ခါရစ်(မိုးရာသီ)တွင် ၁၅ ဒသမ ၀၅ သိန်းသာရှိသည့်အတွက် ထုတ်လုပ်မှုကျဆင်းမည်ဟု ၎င်းက ခန့်မှန်းထားသည်။ အိန္ဒိယနိုင်ငံ၏ စုစုပေါင်းမတ်ပဲထုတ်လုပ်မှုတွင် ခါရစ်(မိုးရာသီ)ထုတ်လုပ်မှုက ၇၅ ရာခိုင်နှုန်းပါဝင်ပြီး၊ ရာဘီ(ဆောင်းရာသီ)ထုတ်လုပ်မှုက ၂၅ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံ၏ ပဲစဉ်းငုံနှင့်မတ်ပဲတို့အား အရေအတွက်ကန့်သတ်ချက်မရှိပဲ အကောက်ခွန်လွတ်တင်သွင်းခွင့်အား တစ်နှစ်သက်တမ်းထပ်မံတိုးမြှင့်လိုက်သည့်အပေါ် သိရှိပြီး၊ မြန်မာနိုင်ငံအနေဖြင့် အဆိုပါပဲအမျိုးအစားများ၏ပြည်တွင်းဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းမရှိစေရန်နှင့် အိန္ဒိယနိုင်ငံဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် အစိုးရနှင့်ပုဂ္ဂလိက ဟန်ချက်ညီညီပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ Hindu Business Line သတင်းဌာန၊ “India extends duty-free import of tur, urad dal until March 2025”၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်။    

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)