Russia

ရုရှားသည် ၂၀၂၄ ခုနှစ်တွင် ဓာတ်မြေဩဇာထုတ်လုပ်မှုနှင့် တင်ပို့မှုကို မြှင့်တင်မည်

Last Updated:

၂၀၂၃ ခုနှစ် ရလဒ်များကိုအခြေခံ၍ ရုရှားနိုင်ငံသည် ဓာတ်မြေသြဇာထုတ်လုပ်မှုနှင့် တင်ပို့မှုကို ၂၀၂၄ ခုနှစ်တွင် တိုးမြှင့်ထုတ်လုပ်နိုင်ကြောင်း၊ ထုတ်လုပ်မှုတန်ချိန်အနေဖြင့် ၆၄ သန်းကျော်ရှိလာနိုင်ပြီး ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းတိုးမြှင့်လာနိုင်ကြောင်း ရုရှားဓာတ်မြေသြဇာထုတ်လုပ်သူများအသင်း (RAFP) ဥက္ကဋ္ဌ Mr. Andrey Guryev မှ ပြောကြားခဲ့သည်။

အဆိုပါအသင်း၏ခန့်မှန်းချက်အရ ဓာတ်မြေသြဇာထုတ်လုပ်မှုနှုန်းသည် ၂၀၂၃ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်းအထိတိုးလာနိုင်ပြီး မက်ထရစ်တန်ချိန် ၆၄ သန်းကျော်အထိရှိလာမည်ဖြစ်၍ ပြည်ပသို့ တင်ပို့မှုလည်း တိုးလာမည်ဖြစ်ကြောင်း သိရှိရပါသည်။ အချက်အလက်များအရ ၂၀၂၃ ခုနှစ် ၁၁ လတာအတွင်း ရုရှားနိုင်ငံ၏ဓာတ်သတ္တုမြေသြဇာထုတ်လုပ်မှုသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တန်ချိန် ၅၃ သန်းကျော်ရှိကြောင်း သိရှိရပါသည်။

ရုရှားဓာတ်မြေဩဇာထုတ်လုပ်သူများသည် ပိတ်ဆို့အရေးယူမှုကြားမှ ရင်းနှီးသောမိတ်ဆွေနိုင်ငံများ၏ဈေးကွက်သို့ ဓာတ်မြေဩဇာပိုမိုတိုးမြှင့်တင်ပို့ခဲ့ကာ ပြီးခဲ့သည့်နှစ်တွင် အဆိုပါနိုင်ငံများသို့ ဓာတ်မြေသြဇာတင်ပို့မှု သည် ၇၀ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။ ထို့အပြင် ယခုနှစ်ကုန်တွင် ပို့ကုန်ပမာတိုးတက်မှုနှုန်းသည် ၂၀၂၁ ခုနှစ်က အဆင့်သို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ထားကြောင်း အသင်းဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဖော်ရွေမှုမရှိသောနိုင်ငံများသို့ ရုရှားဓာတ်မြေဩဇာတင်ပို့မှုပမာဏသည် တန်ချိန် ၁၀ သန်းအထိ ကျဆင်းသွားခဲ့ပြီး ၂၅-၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ၁၅-၂၀ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းသွားနိုင်ကြောင်း၊ လက်ရှိတင်ပို့မှုအများစုသည် ကမ္ဘာ့တောင်ဘက်နိုင်ငံများသို့ ဦးစားပေးပေးပို့လျက်ရှိပြီး အိန္ဒိယနှင့် ဘရာဇီးတို့သည် ထိပ်တန်းရောင်းချရာ ဈေးကွက်များဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားအစိုးရသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်အထိ နိုက်ထရိုဂျင်ဓာတ်မြေဩဇာများ(ယူရီးယား၊ ယူရီးယား-အမိုနီယမ်အရောအနှော၊ အမိုနီယမ်နိုက်ထရိတ်) တန်ချိန် ၉.၈၁ သန်းအပါအဝင် စုစုပေါင်းဓာတ်မြေသြဇာပို့ကုန်ခွဲတမ်းပမာဏကို တန်ချိန် ၁၆.၉၅ သန်း သတ်မှတ်ထားပါသည်။

ရုရှားအစိုးရသည် ပြည်တွင်းဈေးကွက်ကိုကာကွယ်ရန်အတွက် ကုန်စည်အချို့အပေါ် လိုက်လျောညီထွေရှိသော ပို့ကုန်ခွန်များကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ သတ်မှတ်ကျင့်သုံးခဲ့ပြီး ၎င်းကုန်စည်များအနက် ဓာတ်မြေသြဇာလည်းအပါအဝင်ဖြစ်ကာ ဒေါ်လာငွေလဲလှယ်နှုန်းအပေါ်မူတည်၍ ဓာတ်မြေသြဇာပို့ကုန်ခွန်များတိုးမြင့်မည်ဖြစ်သဖြင့် ရုရှားနိုင်ငံမှ နိုင်ငံတကာသို့တင်ပို့သော ဓာတ်မြေသြဇာများ၏ဈေးနှုန်းများ သည် မြင့်တက်လာနိုင်ကြောင်း သုံးသပ်ရပါသည်။

Source :   https://ria.ru/20231227/eksport-1918511808.html

               https://www.interfax.ru/business/932977

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia