Russia

ရုရှားနှင့်တရုတ်တို့သည် ကုန်သွယ်မှုဆက်ဆံရေးတွင် အမေရိကန်ဒေါ်လာကို လုံးဝစွန့်လွှတ်ခဲ့

Last Updated:

ရုရှားနှင့် တရုတ်တို့သည် စီးပွားရေးလုပ်ဆောင်ရာတွင် အမေရိကန်ဒေါ်လာကို လုံးဝနီးပါးရှောင်ရှားခဲ့ကြပြီး အပြန်အလှန်ငွေပေးချေမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို အမျိုးသားငွေကြေးများဖြင့် ပြုလုပ်ခဲ့ကြကြောင်း၊ ရုရှား-တရုတ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် တက်ကြွစွာဖွံ့ဖြိုးတိုးတက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Mr. Sergey Viktorovich Lavrov က ပြောကြားခဲ့သည်။

စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများအရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိကြောင်း၊ တရုတ်ဈေးကွက်သို့ ရုရှားစိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှုတိုးလာကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလုပ်ငန်းနယ်ပယ်များတွင် ပူးတွဲစီမံကိန်းများအကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယင်းသို့ပူးပေါင်းဆောင်ရွက်မှုကြောင့် ရုရှား-တရုတ်နယ်စပ်နှစ်ဘက်စလုံးအတွက် အပြန်အလှန်အကျိုးကျေးဇူးများခံစားရကြောင်း နိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောကြားသည်။

ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားနှင့်တရုတ်ကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်မှစတင်၍ အရှိန်အဟုန်ဖြင့် ကြီးထွားလာလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် ရုရှားနှင့် တရုတ်ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၄၀ ဘီလီယံရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း ပိုများခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံသည် ရုရှားရေနံကို အဓိကတင်သွင်းသူဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ရုရှားနိုင်ငံမှ ရေနံတန်ချိန် ၂၈.၅၂၈ မီလီယံတင်သွင်းခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၂.၈၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ရုရှားသည် အာရှတွင် ကုန်သွယ်မှုလမ်းကြောင်းသစ်များဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အီရန်နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံများသည် ၎င်းတို့၏ငွေပေးချေမှု တိုက်ရိုက်ဆောင်ရွက်နိုင်ရန် ရုရှား၏ဘဏ္ဍာရေးစာတိုပေးပို့မှုစနစ်များနှင့် ချိတ်ဆက်ခဲ့ကြသည်။ ရုရှားနှင့် BRICS နိုင်ငံများကြား နိုင်ငံသုံးငွေကြေးများဖြင့် ငွေပေးချေမှုဝေစုသည် ပြီးခဲ့သော ၂ နှစ်အတွင်း ၃ ဆတိုးလာပြီး ၈၅ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

Source :   https://www.gazeta.ru/business/news/2024/04/22/22844588.shtml

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia