Russia

၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံသည် ရေထွက်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံလျာထား

Last Updated:

ရုရှားနိုင်ငံသည် ယခုနှစ်တွင် ငါးနှင့် ရေထွက်ကုန်များကို အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံတင်ပို့နိုင်ရန်လျာထားကြောင်း၊ အဓိကတင်ပို့မည့်ဈေးကွက်မှာ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများအပြင် နယ်သာလန်နှင့် နိုင်ဂျီးရီးယားနိုင်ငံများဖြစ်ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ငါးလုပ်ငန်းအေဂျင်စီ(Federal Agency for Fishery)၏အကြီးအကဲ Mr. Ilya Shestakov က အရှေ့ဖျားဒေသ၊ ဗလာဒီဗော့စတော့မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံမှ ငါးနှင့်ရေထွက်ကုန်များတင်ပို့မှုပမာဏသည် တန်ချိန် ၂.၆ သန်းအထိရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၆.၈ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၀.၄ သန်းပိုများခဲ့ကြောင်း ငါးဖမ်းရေယာဉ်ပိုင်ရှင်များအသင်း(ASRF)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သည့် ငါးအသားလွှာနှင့် ကြိတ်သားများ၏တင်ပို့မှုသည် တန်ချိန် ၂၁၉,၃၀၀ ရှိပြီး ၀.၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ငါးနှင့်ရေထွက်ကုန်များတင်ပို့မှုသည် အလယ်အလတ်အရှိန်အဟုန်ဖြင့် ကြီးထွားလာမည်ကို သတိပြုသင့်ကြောင်း၊ ယခုနှစ်အစပိုင်းမှစတင်၍ အရှေ့ဖျားဒေသမှ ရေထွက်ကုန်တင်ပို့မှုပမာဏသည် ၄ ​​ရာခိုင်နှုန်းတိုးလာပြီး တန်ချိန် ၄၂၂,၃၀၀ သို့ရောက်ရှိခဲ့ကြောင်း အရှေ့ဖျားဒေသ Primorsky ခရိုင်၏တိရစ္ဆာန်နှင့်အပင်ပိုးမွှားရောဂါကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှုဌာန (Rosselkhoznadzor)က ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားအရှေ့ဖျားဒေသမှ အာရှ-ပစိဖိတ်နိုင်ငံများသို့ ငါးထွက်ကုန်များတင်ပို့မှုပမာဏသည် တန်ချိန် ၁.၈ သန်းရှိပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းပိုများကြောင်း၊ အရှေ့ဖျားဒေသမှ ငါးနှင့်ရေထွက်ကုန်များကို အဓိကတင်ပို့ခဲ့သည့်နိုင်ငံများမှာ တရုတ်နှင့် ကိုရီးယားဖြစ်ကြောင်း သိရှိရပါသည်။

Source :   https://ria.ru/20240425/ryba-1942177223.html

               https://prim.rbc.ru/prim/freenews/6628ad2c9a7947dfd04c7dad

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia