India (Kolkata)

အိန္ဒိယနိုင်ငံမှ ကြက်သွန်နီ ၉၉၅၀၀ တန်ကို အိမ်နီးချင်း ၆ နိုင်ငံသို့ တင်ပို့ခွင့်ပြုသွားမည်

Last Updated:

အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီကို ပြည်ပတင်ပို့ခွင့်ရပ်ဆိုင်းထားသော်လည်း Maharashtra ပြည်နယ်မှ အဓိကထွက်ရှိသော ကြက်သွန်နီ ၉၉၅၀၀ တန်ကို အိမ်နီးချင်း ၆ နိုင်ငံသို့ တင်ပို့ခွင့်ပြုသွားမည်ဟု အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနက ယခုလ ၂၇ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပနိုင်ငံ ပို့ကုန်ဈေးကွက်များသို့ တင်ပို့ရန် စိုက်ပျိုးထားရှိသော ကြက်သွန်နီဖြူ(White onion) ၂၀၀၀ တန်ကိုလည်း တင်ပို့ခွင့်ပြုသွားမည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်၍ ကြက်သွန်နီပြည်ပတင်ပို့ခွင့်အား ပိတ်ပင်ထားခဲ့သည်။

“ကြက်သွန်နီ ၉၉,၁၅၀ တန်ကို ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ ဘူတန်၊ ဘာရိန်း၊ မောရိသျှနှင့် သီရိလင်္ကာစသည် အိမ်နီးချင်း(၆)နိုင်ငံသို့ တင်ပို့ရောင်းချခွင့်ပြုသွားမည်”ဟု အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် အများပြည်သူ့ဖြန့်ချိရေးဝန်ကြီးဌာန(Ministry of Consumer Affairs, Food & Public Distribution)က ထုတ်ပြန်သော တရားဝင်ထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားကြောင်း သိရသည်။

အဆိုပါနိုင်ငံများသို့ ကြက်သွန်နီတင်ပို့ရောင်းချမည့် အမျိုးသားသမဝါယမပို့ကုန်လီမိတက်(National Cooperative Exports Limited-NCEL)သည် ပြည်တွင်းမှ ကြက်သွန်နီများကို L1(အနိမ့်ဆုံး) ဈေးနှုန်းဖြင့် ဝယ်ယူပြီး အီးပလက်ဖေါင်း(e-platform)မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ တင်ပို့ရောင်းချသွားမည်ဟုသိရသည်။

NCEL အနေဖြင့် သက်ဆိုင်ရာအစိုးရများထံမှ ဝယ်ယူခွင့်ရရှိထားသည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများထံသို့ နှစ်ဖက်ညှိနှိုင်းဈေးနှုန်းဖြင့် ၁၀၀ ရာခိုင်နှုန်းကြိုတင်ပေးချေစေကာ ရောင်းချပေးသွားမည်ဟု သိရသည်။ အဆိုပါဈေးနှုန်းအား သတ်မှတ်ရာတွင် သက်ဆိုင်ရာနိုင်ငံအသီးသီး၌ ဖြစ်ပေါ်လျက်ရှိသည့် ကြက်သွန်နီ၏ လက်ရှိပြည်တွင်းဈေးနှုန်း၊ အပြည်ပြည်ဆိုင်ရာဈေးနှုန်းများကို ထည့်သွင်းချိန်ညှိစဉ်းစားသွားမည်ဟုဆိုသည်။ နိုင်ငံအလိုက်တင်ပို့ရောင်းချမည့် အရေအတွက်ခွဲတမ်းမှာမူ အဆိုပါနိုင်ငံများ၏လိုအပ်ချက်အပေါ် မူတည်ကြောင်း သိရသည်။

ထို့ပြင် အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပနိုင်ငံ ပို့ကုန်ဈေးကွက်များသို့ အထူးသဖြင့် တင်ပို့ရန်စိုက်ပျိုးထားရှိသော ကြက်သွန်နီဖြူ(White onion) ၂၀၀၀ တန်ကိုလည်း တင်ပို့ခွင့်ပြုသွားမည်ဟုဆိုသည်။

အစိုးရအနေဖြင့် ယခုနှစ်အတွက် ဗဟိုသိုလှောင်ရုံ၌ ဖြည့်သွင်းရန် ကြက်သွန်နီတန်ချိန် ၅ သိန်း ဝယ်ယူရန်လျာထားကြောင်း သိရသည်။ ကြက်သွန်နီများပုပ်သိုးပျက်စီးဆုံးရှုံးမှု လျှော့ချနိုင်ရန် မွန်ဘိုင်းမြို့အခြေစိုက် BARC ကုမ္ပဏီမှ နည်းပညာပံ့ပိုးမှုဖြင့် ယမန်နှစ်မှစတင်၍ ကြက်သွန်နီ ၁၂၀၀ တန်အား ဓါတ်ရောင်ခြည်(Irradiation process)ဖြင့် ပိုးသတ်ကာ အအေးခန်းသိုလှောင်ရုံများ၌ စတင်စမ်းသပ်ထားရှိခဲ့သည်။ ယခုနှစ်တွင် အဆိုပါအအေးခန်းသိုလှောင်ရုံများ၌ ပိုးသတ်ပြီးကြက်သွန်နီ ၅၀၀၀ တန်အထိ တိုးမြှင့်ထားရှိသွားရန် အစိုးရမှ ဆုံးဖြတ်ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ယခုနှစ်၊ မတ်လတွင်ထုတ်ပြန်သော ၂၀၂၃-၂၄(ပထမအကြိမ်ကြိုတင်ခန့်မှန်းချက်)ပါအချက်အလက်များအရ ကြက်သွန်နီတန်ချိန် ၂၅၄ ဒသမ ၇၃ တန်ထွက်ရှိရန် ခန့်မှန်းထားပြီး၊ ယမန်နှစ်က တန်ချိန် ၃၀၂ ဒသမ ၀၈ သိန်းထွက်ရှိခဲ့သည့်အတွက် လျော့နည်းခဲ့ကြောင်း သိရသည်။ အဘယ့်ကြောင့်ဆိုသော် Maharashtra ပြည်နယ်မှ ကြက်သွန်နီထွက်ရှိမှုတန်ချိန် ၃၄ ဒသမ ၃၁ သိန်းလျှော့ကာ၊ Karnataka ပြည်နယ်မှ ၉ ဒသမ ၉၅ သိန်း၊ Andhra Pradesh ပြည်နယ်မှ ၃ ဒသမ ၅၄ သိန်းနှင့် Rajasthan ပြည်နယ်မှ ၃ ဒသမ ၁၂ သိန်းအသီးသီးအထွက်နှုန်းကျဆင်းခဲ့သည့်အတွက်ကြောင့်ဟု သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံသည် ပြည်တွင်း၌ ဖူလုံမှုရှိရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိရန် ရည်ရွယ်၍ ပြည်ပသို့ ကြက်သွန်နီတင်ပို့မှုကို ပိတ်ပင်ကန့်သတ်ခဲ့ပြီး၊ ပြည်တွင်း၌လည်း အရန်သိုလှောင်ရုံများ၌ ဝယ်ယူ၍ထားရှိကာ ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရပါသည်။ ယခုအခါ ခြွင်းချက်အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏လိုအပ်ချက်အရ ကြက်သွန်နီတန်ချိန် ၁ သိန်းနီးပါးကို နိုင်ငံ(၆)ခုသို့ တင်ပို့ရောင်းချရန် ဆုံးဖြတ်ခဲ့ပါသည်။

ထို့အပြင်ပြည်တွင်း၌လည်း တန်ချိန် ၅ သိန်းအထိ ဝယ်ယူသွားရန် လျာထားပြီး၊ ဓါတ်ရောင်ခြည် (Irradiation process)ဖြင့် ပိုးသတ်ကာ အအေးခန်းသိုလှောင်ရုံများ၌ ပိုမို၍ထားရှိလာခြင်းကဲ့သို့ ကာလရှည်သိုလှောင်ထားရှိနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေစမ်းသပ်အသုံးပြုလျက်ရှိပါသည်။

ရည်ညွှန်း။  The Hindu, Centre allows 99.5k tons of onion exports to 6 neighbouring nations, April 27, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)