U. A. E

ယူအေအီးနှင့် ယူကရိန်းနိုင်ငံတို့မှ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် စည်းမျဉ်း၊ စည်းကမ်းများကို အချောသတ်ပြီးစီး

Last Updated:

ယူအေအီးနိုင်ငံနှင့်ယူကရိန်းနိုင်ငံတို့သည် နိုင်ငံနှစ်နိုင်ငံကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)၏ စည်းမျဉ်း၊ စည်းကမ်းချက်များကို အချောသတ်နိုင်ခဲ့ပြီး ၂၀၃၁ ခုနှစ်တွင် ရေနံမဟုတ်သောနိုင်ငံခြားကုန်သွယ်မှုတန်ဖိုးကို AED ၄ ထရီလီယံအထိ မြှင့်တင်နိုင်ရန်အတွက် လက်ရှိအချိန်တွင်ယူအေအီးနိုင်ငံ၏ နောက်ဆုံးပေါ်ကြိုးပမ်းမှုမှတ်တိုင်တစ်ရပ်အဖြစ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

အဆိုပါသဘောတူညီချက်အကောင်အထည်ဖော်ဆောင်ပြီးသည်နှင့် ယူအေအီး-ယူကရိန်း CEPA သည် အဓိကထုတ်ကုန်လိုင်းများအပေါ် အခွန်အခများကိုဖယ်ရှားခြင်း(သို့မဟုတ်)လျှော့ချခြင်း၊ ကုန်သွယ်မှုအတွက်မလိုလားအပ်သောအတားအဆီးများကိုဖယ်ရှားကာ နှစ်ဖက်စလုံးမှ တင်ပို့သူများထံသို့ မျှတသောစျေးကွက်ရရှိရေးစသည်တို့ကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အရေးကြီးသည့်အချက်တစ်ခုအနေဖြင့် ၎င်းသဘောတူညီချက်သည် ယူကရိန်း၏ပြန်လည်ထူထောင်ရေး၊ အဓိကစက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံများပြန်လည်တည်ဆောက်ရေး စသည်တို့ကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဆန်စပါး၊ စက်ယန္တရားများနှင့် သတ္တုများကဲ့သို့သောအဓိကပို့ကုန်များအတွက် အရှေ့အလယ်ပိုင်းနှင့်အာဖရိကမြောက်ပိုင်းဒေသများ(MENA)အတွက် ထောက်ပံ့ရေးကွင်းဆက်များ အားကောင်းလာစေရန် ကူညီပေးမည်ဖြစ်ကြောင်း သတင်းဌာနကဖော်ပြထားပါသည်။

စေ့စပ်ညှိနှိုင်းမှုအပြီးတွင် ယူအေအီးနိုင်ငံနိုင်ငံခြားကုန်သွယ်မှုဝန်ကြီး Dr. Thani bin Ahmed Al Zeyoudi က ယူကရိန်းသည် ၎င်းတို့၏ပို့ကုန်လုပ်ငန်းရှင်များအတွက် ဥရောပသို့ပေါင်းကူးတံတားတစ်ခုဖြစ်ပြီး ၎င်းတို့၏ စားနပ်ရိက္ခာဖူလုံရေးသွင်းကုန်များတွင် အရေးကြီးသောမဟာမိတ်ဖြစ်ကြောင်း၊ သဘောတူညီချက်အကောင်အထည်ဖော်ပြီးသည်နှင့် CEPA သည် ယူကရိန်း၏စက်မှုလုပ်ငန်းရှင်များနှင့်စီးပွားရေးလုပ်ငန်းရှင်များအား ယူအေအီးနိုင်ငံမှတစ်ဆင့် အာရှနှင့်အာဖရိကဒေသများ၏ တိုးတက်နေသည့်စျေးကွက်များထံသို့ ဈေးကွက်ချဲ့ထွင်နိုင်သည့်လမ်းကြောင်းအသစ်တစ်ခုပေးဆောင်နိုင်မည်ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် နည်းပညာကဲ့သို့သောကဏ္ဍများကို ပြန်လည်ဖွဲ့စည်းနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းအသစ်များကို ဖွင့်လှစ်နိုင်မည်ဖြစ်ကာ မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အဦများကို ပြန်လည်တည်ဆောက်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းကဆက်လက်၍ အဆိုပါသဘောတူညီချက်သည် ယူကရိန်းစီးပွားရေးပြန်လည်ရှင်သန်လာစေရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး သဘောတူညီချက်ကို အတည်ပြုခြင်းနှင့် နှစ်ဖက်စလုံးမှ စီးပွားရေးအသိုင်းအဝိုင်းများအတွက် ဖန်တီးပေးမည့်အခွင့်အလမ်းသစ်များကို ၎င်းတို့ မျှော်လင့်ထားပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အပြန်အလှန်အားဖြင့် ယူကရိန်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်(၁)နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Yulia Svyrydenko က ယူကရိန်းနှင့် ယူအေအီးနိုင်ငံများအကြား CEPA စေ့စပ်ညှိနှိုင်းမှု၏အဆုံးသတ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ကြောင်း ယူကရိန်းနှင့်ယူအေအီးနိုင်ငံသားစီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းများသည် ယူကရိန်း-ယူအေအီး CEPA မှ ပေးအပ်သည့်အခွင့်အလမ်းများကို အပြည့်အဝအသုံးချနိုင်မည်ဟုယုံကြည်ပြီး ၎င်းတို့၏ကုန်သွယ်မှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် ကြီးမားသောအလားအလာများကို တံခါးဖွင့်ပေးလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် ယူအေအီးနှင့်ယူကရိန်းတို့သည် ရေနံမဟုတ်သောကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ၃၈၅.၈ သန်းဝေမျှနိုင်ခဲ့ပြီး ၂၀၂၂ နှစ်ကုန်တွင် ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦ၊ ခရီးသွားလာရေးနှင့် အဆင့်မြင့်နည်းပညာများကဲ့သို့သော ကဏ္ဍများတွင်ပူးတွဲ FDI အစုရှယ်ယာသည် အမေရိကန်ဒေါ်လာသန်း ၃၆၀ ရှိခဲ့ပါသည်။ ယူကရိန်းနှင့်စေ့စပ်ညှိနှိုင်းမှု၏အဆုံးသတ်သည် ကမ္ဘာ့ဈေးကွက်များတစ်လျှောက် ယူအေအီး၏ ကုန်သွယ်ဖက်နိုင်ငံများကွန်ရက်ကိုချဲ့ထွင်ရန်ကြိုးပမ်းမှုအတွက် လက်ရှိအချိန်တွင်နောက်ဆုံးမှတ်တိုင်တစ်ရပ်ဖြစ်ပါသည်။ ၎င်းသည် ကမ္ဘာ့လူဦးရေ၏လေးပုံတစ်ပုံရှိသည့် အာဖရိက၊ တောင်အမေရိက၊ အာရှနှင့် ဥရောပနိုင်ငံများ စသည့်နိုင်ငံများတို့အပါအဝင် နိုင်ငံတကာ ကုန်သွယ်ရေးမြေပုံပေါ်ရှိ မဟာဗျူဟာမြောက်စျေးကွက်နိုင်ငံများနှင့် အောင်မြင်စွာစေ့စပ်ညှိနှိုင်းပြီးဖြစ်သည့် ဘက်စုံစီးပွားရေးမိတ်ဖက်သဘောတူစာချုပ် ၁၄ ခု စာရင်းတွင် ထည့်သွင်းထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနတွင် ဖော်ပြပါရှိပါသည်။

Source: Emirates News Agency

Date:  30.4.2024

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E