India (Kolkata)

၂၀၂၃-၂၄ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ အိန္ဒိယနိုင်ငံမှ ချည်တင်ပို့မှု ၁၃၇ ရာခိုင်နှုန်း မြင့်တက်

Last Updated:

၂၀၂၃-၂၄ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ (၆) လတာကာလအတွင်း အိန္ဒိယနိုင်ငံမှ ချည်တင်ပို့မှု ၁၃၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး၊ ယခင်နှစ်ကာလတူကထက် နှစ်ဆကျော်တိုးတက်လာခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၅ ရက်က ဖော်ပြသည်။ အကြောင်းမှာ ပင်လယ်ရပ်ခြားဝယ်သူများအတွက် အခြားနိုင်ငံများမှ ချဉ်များနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအရ အနည်းငယ်သက်သာနေသောကြောင့်ဟု သိရသည်။

အဆိုပါကာလအတွင်း ချဉ်ဘေထုပ် ၁၈ သိန်းကျော်ကို ပြည်ပသို့ တင်ပို့ရောင်းချခဲ့ပြီး၊ ယခင်နှစ်ကာလတူက ၇ ဒသမ ၅၉ သိန်းသာတင်ပို့နိုင်ခဲ့သည့်အတွက် ၁၃၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အိန္ဒိယချည်အသင်း (Cotton Association of India-CAI)မှ နောက်ဆုံးရရှိသော အချက်အလက်များအရ သိရသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၃ ခုနှစ် ရာသီအတွင်း ချည်ဘေထုပ်စုစုပေါင်း ၁၅ ဒသမ ၅၉ သိန်းတင်ပို့ခဲ့ပြီးဖြစ်သည်။

အဆိုပါ ၆ လတာကာလအတွင်း ဖြစ်ပေါ်ခဲ့သော အိန္ဒိယချည်ဈေးနှုန်းသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ပိုမိုသက်သာနေသည့်အတွက် ယင်းသို့တင်ပို့မှုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယချည်အသင်းဥက္ကဌ Atul Ganatra က ပြောကြားခဲ့သည်။ “အဲဒီ့အချိန်က အပြည်ပြည်ဆိုင်ရာဈေးနှုန်းတွေနဲ့ယှဉ်ရင် အိန္ဒိယချည် ၁ ကန်ဒီ (၃၅၆ ကီလိုဂရမ်)လျှင် ရူပီး ၃၀၀၀ မှ ၄၀၀၀ လောက် သက်သာနေပါတယ်။” ဟု ၎င်းကပြောကြားခဲ့သည်။

သို့သော် ယခုအခါ ကမ္ဘာ့ချည်ဈေးနှုန်းများ ပြန်လည်ကျဆင်းလာသည့်အတွက် အိန္ဒိယချည်ဈေးနှုန်းသည် အပြည်ပြည်ဆိုင်ရာဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက အတူတူ သို့မဟုတ် အနည်းငယ် ဈေးနှုန်းမြင့်မားနေသည့် အနေ အထားဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

၂၀၂၃-၂၄ ခုနှစ်ရာသီအကုန် စက်တင်ဘာလအတွင်း အိန္ဒိယနိုင်ငံမှ ချည်ဘေထုပ် ၂၂ သိန်းကျော်တင်ပို့နိုင်ရန် အိန္ဒိယချည်အသင်းက ခန့်မှန်းထားသည်။ ၎င်းအနေဖြင့် သင်္ဘောတင်အချက်အလက်များနှင့် ပို့ကုန်ကိစ္စတွင်ပါဝင်သူများထံမှ အချက်အလက်များကိုရယူစုဆောင်း၍ ယခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် နောက်ထပ်ချည်တင်ပို့မှုခန့်မှန်းချက်ကို ထပ်မံဆောင်ရွက်သွားမည်ဟု သိရသည်။

အိန္ဒိယချည်ကို ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ အဓိကဝယ်ယူတင်သွင်းကြသည်။ ဘင်္ဂလားဒေ့ရှ်မှဝယ်သူများ စိတ်ဝင်စားသည့်အချက်မှာ ဈေးသက်သာပြီး မြန်မြန်ဆန်ဆန်သယ်ယူပို့ဆောင်နိုင်သည့်အတွက်ဖြစ်ကြောင်း သိရသည်။ နိုင်ငံစုံကုမ္ပဏီများဖြစ်သော Louis Dreyfus Company၊ Viterra နှင့် Olam စသည့်ကုမ္ပဏီများက ဒေသခံကုန်သည်များ အဓိကဝယ်ယူသောချည်များကို အိန္ဒိယနိုင်ငံတွင် ရောင်းချပေးလျက်ရှိသည်

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ချည်ထုတ်လုပ်မှုခန့်မှန်းချက်မှာ ဘေထုပ် ၃၀၉ ဒသမ ၇၀ သိန်း(ဘေထုပ်တစ်ထုပ်လျှင် ချည် ၁၇၀ ကီလိုဂရမ်ပါဝင်သည်)ဖြစ်ကြောင်း အိန္ဒိယချည်အသင်းက ခန့်မှန်းထားသည်။ အိန္ဒိယနိုင်ငံတွင် ချည်အသုံးပြုမှုတိုးမြင့်လာကာ ယခုနှစ် မတ်လကုန်အထိ ချည်ဘေထုပ်စုစုပေါင်း  ၁၆၅ သိန်းကို ပြည်တွင်း၌သုံးစွဲသည်ဟု ခန့်မှန်းထားသည်။ ယခင်နှစ် ကာလတူက ၁၃၅ ဒသမ ၇၀ သိန်းသာသုံးစွဲခဲ့သည့်အတွက် ချည်ကို ပြည်တွင်း၌ အသုံးပြုမှုတိုးမြင့်လာကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ပြည်တွင်းချည်သုံးစွဲမှုဘေထုပ် ၃၁၇ သိန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် အိန္ဒိယနိုင်ငံတွင် ချည်ထုတ်လုပ်မှု၊ ရောင်းလိုအား၊ ပြည်တွင်းသုံးစွဲမှု၊ လက်ကျန်အခြေအနေကို အောက်ပါအတိုင်းတွေ့ရှိရပါသည်-

ရောင်းလိုအား

ချည်ထုတ်လုပ်မှု (ခန့်မှန်း)။ ဘေထုပ် ၃၀၉.၇၀ သိန်း (ဘေထုပ်တစ်ထုပ်လျှင် ချည် ၁၇၀ ကီလိုဂရမ်ပါဝင်သည်)

ချည်တင်သွင်းမှု။ ဘေထုပ် ၅ သိန်း

စာရင်းဖွင့်ပမာဏ(၂၀၂၃ခုနှစ် အောက်တိုဘာလ)။ ဘေထုပ် ၂၈.၉၀ သိန်း

ရောင်းလိုအားစုစုပေါင်း (၂၀၂၄ ခုနှစ်၊ မတ်လအထိ)။ ဘေထုပ် ၂၉၇.၀၃ သိန်း

ရောင်းလိုအား (၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ)။ ဘေထုပ် ၃၅၉ သိန်း

ဝယ်လိုအား

ပြည်တွင်းချည်သုံးစွဲမှု (၂၀၂၄ ခုနှစ်၊ မတ်လအထိ)။ ဘေထုပ် ၁၆၅ သိန်း

ပြည်တွင်းချည်သုံးစွဲမှုခန့်မှန်းချက် (၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ)။ ဘေထုပ် ၃၁၇ သိန်း

ကုန်လက်ကျန်

စာရင်းပိတ်လက်ကျန် (၂၀၂၄ ခုနှစ်၊ မတ်လ)။ ဘေထုပ် ၁၁၄ သိန်း

အထည်စက်ရုံများ။ ဘေထုပ် ၄၇ သိန်း (၅၁ ရက်စာသုံးစွဲမှု)

အခြား (CCI, Maharashtra Federation, Trade)။ ဘေထုပ် ၆၇.၀၃ သိန်း

ရည်ညွှန်း။  The Hindu Businessline, India’s cotton exports jump 137% in Oct-March 2023-24 season at 18 lakh bales, April 25, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)