India (Kolkata)

ဥရောပသမဂ္ဂသစ်တောပြုန်းတီးမှုလျှော့ချရေးစည်းမျဉ်းဆိုင်ရာ စံချိန်စံညွှန်း(EUDR norms) နှင့်ကိုက်ညီမှုရှိရန် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ဥရောပမှ အိန္ဒိယကော်ဖီကို ဝယ်ယူမှုတိုးမြင့်လာ

Last Updated:

ဥရောပမှ ကော်ဖီဝယ်ယူသူများအနေဖြင့် အိန္ဒိယနိုင်ငံမှ ကော်ဖီကို ပိုမိုဝယ်ယူလာကြောင်းနှင့် ဥရောပသမဂ္ဂသစ်တောပြုန်းတီးမှုလျှော့ချရေးစည်းမျဉ်းဆိုင်ရာစံချိန်စံညွှန်း(European Union Deforestation Regulation(EUDR)norms)နှင့်ကိုက်ညီမှုရှိရန် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ၎င်းတို့အနေဖြင့် ကော်ဖီကုန်လက်ကျန်များကို အချိန်မီဖြည့်တင်းနိုင်ရန်ရည်ရွယ်ထားပုံရကြောင်း The Hindu Businessline သတင်းဌာနမှ ယခုလ ၂၆ ရက်နေ့က ဖော်ပြသည်။

အဆိုပါ EUDR norm သည် သစ်တောပြုန်းတီးမှုနှင့်ဆက်စပ်လျက်ရှိသော ထုတ်ကုန်များတင်သွင်းမှုကို လျှော့ချရန်ရည်ရွယ်သည်။ ကော်ဖီကဲ့သို့ကုန်စည်များအတွက် အထောက် အထားခိုင်လုံမှုရှိ/မရှိ တင်းတင်းကြပ်ကြပ်စစ်ဆေးခြင်း(due diligence)နှင့်နောက်ကြောင်းပြန်ခြေရာခံနိုင်မှု(traceability) စသည့်ဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါအီးယူ၏စံချိန်စံညွှန်းဆိုင်ရာ ကန့်သတ်ချက်အသစ်ကြောင့် အိန္ဒိယပို့ကုန်များအပေါ် အကျိုးသက်မှုရှိလာနိုင်ဖွယ်ရှိပါသည်။

သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများအနေဖြင့် ကျွဲနွားအရှင်၊ ကိုကာ၊ ကော်ဖီ၊ ဆီအုန်း၊ ရာဘာ၊ ပဲပိစပ်နှင့် သစ်သားကဲ့သို့ထုတ်ကုန်ပစ္စည်းများစွာအပေါ် ချမှတ်ဆောင်ရွက်သွားမည့် အဆိုပါ EUDR စံချိန်စံညွှန်းများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထား၍ ကိုက်ညီမှုရှိရန်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရသည်။

ဥရောပမှဖေါက်သည်များက အဆိုပါစည်းမျဉ်းဥပဒေသစ်အသက်ဝင်မည့်နေ့ရက်မတိုင်မီ အိန္ဒိယနိုင်ငံမှကော်ဖီများကို အလုံးအရင်းနှင့်ဝယ်ယူတင်သွင်းကာ ၎င်းတို့၏ကုန်လက်ကျန် များကို ဆောလျင်စွာဖြည့်တင်းဆောင်ရွက်လျက်ရှိကြောင်း အိန္ဒိယကော်ဖီတင်ပို့ရောင်းချသူများအသင်း(Coffee Exporters Association) ဥက္ကဌ Ramesh Rajah က ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိကာလအတွင်း အိန္ဒိယနိုင်ငံမှ ကော်ဖီတင်ပို့မှု ၁၆ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ ယမန်နှစ်ကာလတူက တန်ချိန် ၂ ဒသမ ၀၄ သိန်းသာ တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် တန်ချိန် ၂ ဒသမ ၃၇ သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပမာဏတွင် ပြန်လည်တင်ပို့မှု(re-exports)များလည်း ပါဝင်ကြောင်း သိရသည်။

ယခုနှစ်တွင် ကော်ဖီ ၅၃၄၉၇ တန် ပြည်လည်တင်ပို့ခဲ့ပြီး၊ ယမန်နှစ်ကာလတူက ၄၅၂၁၃ တန်သာပြန်လည်တင်ပို့ခဲ့သည့်အတွက် ပြန်လည်တင်ပို့မှု(re-exports)၁၈ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံထွက်ကော်ဖီတင်ပို့မှုမှာ ယခုနှစ်တွင် တန်ချိန် ၁ ဒသမ ၈၃ သိန်းရှိပြီး၊ ယခင်နှစ်ကာလတူက ၁ ဒသမ ၅၉ သိန်းတင်ပို့ခဲ့သည့်အတွက် ၁၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သိရသည်။

အိန္ဒိယကော်ဖီပို့ကုန်လုပ်ငန်းရှင်များအတွက် ကော်ဖီတင်ပို့မှုအမြင့်မားဆုံးရာသီချိန်ဖြစ်သော ဖေဖေါ်ဝါရီလမှ မေလအထိကာလအတွင်း သင်္ဘောတင်ပို့မှုအများဆုံးဖြစ်ကြောင်း၊ ယခုနှစ်တွင် အဆိုပါရာသီချိန်မှာ ဇွန်လအထိ ချဲ့ထွင်လာခဲ့ကြောင်း Rajah က ပြောကြားခဲ့သည်။ အများအားဖြင့် မိုးရာသီဝင်ရောက်လာသည့် ဇွန်လမှ ဩဂုတ်လအတွင်း တင်ပို့မှုများနှေးကွေးသွားတတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့သတ္တမမြောက်အကြီးဆုံးကော်ဖီထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး၊ ဘရာဇီး၊ ဗီယက်နမ်၊ ကိုလံဘီယာနှင့် အင်ဒိုနီးရှားနိုင်ငံတို့ပြီးလျှင် ကမ္ဘာ့ပဥ္စမမြောက်အကြီးဆုံးကော်ဖီတင်ပို့သည့် နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ အိန္ဒိယထွက်ကော်ဖီသုံးပုံနှစ်ပုံကျော်ကို ပြည်ပသို့ တင်ပို့လေ့ရှိကြောင်းနှင့် ကော်ဖီတင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို အီတလီ၊ ဂျာမနီ၊ ဘယ်လ်ဂျီယံစသည့် ဥရောပနိုင်ငံဈေးကွက်များသို့ တင်ပို့ကြောင်း သိရသည်။

ယင်းသို့ကော်ဖီကို သင်္ဘောတင်ပို့ဆောင်မှုများတိုးမြှင့်လာသကဲ့သို့ ပို့ကုန်တင်ပို့သူများအနေဖြင့် ကုန်သေတ္တာရှားပါးမှု၊ ကုန်စည်ပို့ဆောင်ခများကြီးမြင့်လာမှုစသည့် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ အခက်အခဲများနှင့် ဆက်လက်ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ပင်လယ်နီဒေသတွင်း၌ ဖြစ်ပေါ်လျက်ရှိသော အကျပ်အတည်းများကြောင့် စားသောက်ကုန်တင်ပို့နိုင်မှုအဆင့်ရှိ ကုန်သေတ္တာများလုံလုံလောက်လောက်မရရှိသလို သင်္ဘောသွားလာမှုလည်း နည်းပါးလာကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သို့ပါ၍ ဥရောပသမဂ္ဂမှ အသစ်ပြဌာန်းဆောင်ရွက်သွားမည့် သစ်တောပြုန်းတီးမှုလျှော့ချရေး စည်းမျဉ်းဆိုင်ရာစံချိန်စံညွှန်း(European Union Deforestation Regulation(EUDR) norms)နှင့်ကိုက်ညီမှုရှိရန် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ အိန္ဒိယမှ ကော်ဖီတင်ပို့မှုတိုးမြှင့်လာလျက်ရှိပါသည်။

ရည်ညွှန်း။          The Hindu Businessline, Indian coffee shipments rise as European buyers stack up ahead of EUDR implementation, June 26, 2024      

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)