U. A. E

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် ယူအေအီးနိုင်ငံမှ စက်သုံးဆီစျေးနှုန်းများကို တစ်နှစ်တာအတွင်း အနိမ့်ဆုံးသတ်မှတ်

Last Updated:

ယူအေအီးနိုင်ငံမှ စက်သုံးဆီနှုန်းထားများကို ၄.၈ % အထိလျှော့ချခဲ့ပြီး ၎င်းဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၏ စက်သုံးဆီစျေးနှုန်းများနှင့် နီးစပ်မှုရှိကြောင်းသိရှိရပါသည်။

ယူအေအီးနိုင်ငံသည် တတိယမြောက်လအဖြစ် ပြီးခဲ့သည့်တနင်္ဂနွေနေ့က စက်သုံးဆီစျေးနှုန်းများကို ဆက်တိုက်လျှော့ချခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီအတွက် ပြည်တွင်းလက်လီစက်သုံးဆီနှုန်းထားများကို တစ်နှစ်တာအတွင်း အနိမ့်ဆုံးအဆင့်နှင့် တန်းတူနီးပါးအထိ လျှော့ချခဲ့ပါသည်။

စက်သုံးဆီဈေးနှုန်းကော်မတီသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် တစ်လီတာလျှင် ဓာတ်ဆီ ၁၄ Fil(1 AED = 100 Fils)နှုန်း သို့မဟုတ် ၄.၈ ရာခိုင်နှုန်း၊ Super 98၊ Special 95 နှင့် E-Plus 91 ဈေးနှုန်းများကို ၂.၈၂ AED ၊ ၂.၇၁ AEDနှင့် ၂.၆၄ AED သို့ အသီးသီးလျှော့ချခဲ့ပါသည်။ အဆိုပါအမျိုးအစားသုံးမျိုး၏ စက်သုံးဆီစျေးနှုန်းများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ဖြစ်ပေါ်ခဲ့သော ၂.၇၈ AED ၊ ၂.၆၇ AED နှင့် ၂.၅၉ AED စက်သုံးဆီဈေးနှုန်းများနှင့်နီးစပ်မှုရှိကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် စက်သုံးဆီစျေးနှုန်းများသည် ဇန်နဝါရီလတွင် အနိမ့်ဆုံးသို့ရောက်ရှိခဲ့ပြီး အောက်တိုဘာလတွင် Super 98 ကို တစ်လီတာလျှင် ၃.၄၄ AED ဈေးနှုန်းဖြင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါသည်။ သို့သော် ၂၀၂၂ ခုနှစ်အစောပိုင်းတွင် စတင်ခဲ့သော ရုရှား-ယူကရိန်းစစ်ပွဲအပြီးတွင် စက်သုံးဆီတစ်လီတာလျှင် ၄ AED ကျော်အထိ အမြင့်ဆုံးရောက်ရှိခဲ့သည့်အချိန်ကဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခင်နှစ်ထက်စာလျှင် နည်းပါးနေသေးကြောင်းဖော်ပြထားပါသည်။

ယူအေအီးနိုင်ငံမှ ရေနံစျေးနှုန်းများကို ၂၀၁၅ ခုနှစ်တွင် ကန့်သတ်လိုက်ပြီးနောက် ဒေသတွင်းလက်လီရောင်းချသော စက်သုံးဆီစျေးနှုန်းများကို ကမ္ဘာ့စက်သုံးဆီဈေးနှုန်းထားများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် လစဉ်လကုန်ရက်များတွင် နောက်လအတွက်ဈေးနှုန်းများကို ပြန်လည်ပြင်ဆင်သတ်မှတ်လေ့ရှိပါသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်ကမ္ဘာလုံးတွင် ရေနံစိမ်းတစ်စည်လျှင် ၅ ဒေါ်လာခန့်ဈေးနှုန်းကျဆင်းသွားပြီးနောက် စက်သုံးဆီဈေးနှုန်းများကိုလည်း လျှော့ချခဲ့ပါသည်။

Brent ရေနံစိမ်းစျေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ပျမ်းမျှအမေရိကန်ဒေါ်လာ ၇၇.၃၄ ဖြစ်ပြီး Brent တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၂ ဝန်းကျင်ရှိခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဈေးနှုန်းထက် လျော့ကျခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်၍ Brent ရေနံစိမ်းသည် ဒီဇင်ဘာလတွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင်နှင့် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၇၀ ဝန်းကျင်အကြား အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလတွင် စျေးနှုန်းများလျော့ကျခဲ့ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ၎င်းစျေးနှုန်းများနိမ့်ကျခဲ့မှုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွက် ယူအေအီးနိုင်ငံ၏စက်သုံးဆီစျေးနှုန်းများကျဆင်းမှုအပေါ် ထင်ဟပ်လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။

ယူအေအီးနိုင်ငံရှိ စက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့စက်သုံးဆီပျမ်းမျှဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ၄၃ ရာခိုင်နှုန်းကျော်အထိ သက်သာပြီးကမ္ဘာ့အကြီးဆုံး ရေနံစိမ်းထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သည့် ယူအေအီးနိုင်ငံသည် ဒီဇင်ဘာလတွင် အနိမ့်ဆုံးလက်လီစက်သုံးဆီစျေးနှုန်းအရ ထိပ်တန်း ၂၅ နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Khaleej Times

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E