Japan

၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးပဉ္စမအင်အားအကြီးဆုံးနိုင်ငံအဖြစ် အဆင့်လျော့ကျသွားနိုင်ဖွယ်ရှိ

Last Updated:

၂၀၂၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ Nominal GDP မှာ ဂျပန်နိုင်ငံကိုကျော်လွန်ကာ ကမ္ဘာ့အဆင့် ၄ နေရာသို့ ရောက်ရှိသွားနိုင်ပြီး၊ ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့် ၅ နေရာသို့ အဆင့်လျော့ကျသွားနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)က ထုတ်ပြန်ထားပါသည်။

အဆိုပါသတင်းတွင် အိန္ဒိယနိုင်ငံ၏ GDP မှာ ၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံကို ကျော်လွန်နိုင်ကြောင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထုတ်ပြန်ချက်တွင် IMF က ခန့်မှန်းခဲ့သော်လည်း ဂျပန်ယန်းငွေတန်ဖိုးကျဆင်းလျက်ရှိခြင်းကြောင့် အမေရိကန်ဒေါ်လာဖြင့် တွက်ချက်မည်ဆိုပါက အိန္ဒိယနိုင်ငံ၏ GDP မှာ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၃၃၉၈ ထရီလီယံရှိနိုင်ပြီး၊ ဂျပန်နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၄.၃၁၀၃ ထရီလီယံရှိနိုင်သည့်အတွက် ဂျပန်နိုင်ငံ၏ GDP မှာ အိန္ဒိယနိုင်ငံအောက်သို့ ၂၀၂၅ ခုနှစ်တွင် အဆင့်လျော့ကျရောက်ရှိနိုင်ကြောင်း ၂၀၂၄ ခုနှစ်၊ ဧပြီလထုတ် IMF အစီရင်ခံစာတွင် ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။ 

၂၀၂၃ ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ GDP မှာ ဂျပန်နိုင်ငံကိုကျော်လွန်ခဲ့ပြီး ကမ္ဘာ့အဆင့် ၃ နေရာသို့ ရောက်ရှိခဲ့ကြောင်း၊၂၀၂၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှထပ်မံ၍ ဂျပန်နိုင်ငံကိုကျော်တက်လာမည်ဆိုပါက ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့် ၅ နေရာသို့ အဆင့်လျော့ကျသွားနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်နှစ်စမှစတင်၍ အမေရိကန်ဒေါ်လာနှင့် အိန္ဒိယရူပီးငွေလဲလှယ်နှုန်းမှာ တည်ငြိမ်လျက်ရှိပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၈၃ ရူပီးရှိကြောင်း ဖော်ပြထားပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ GDP ကိုကျော်လွန်ကာ ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံးနိုင်ငံအဖြစ်သို့ရောက်ရှိနိုင်ကြောင်းလည်း IMF က ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံကိုကျော်လွန်ကာ တရုတ်နှင့်အမေရိကန်ပြီးပါက ကမ္ဘာ့မော်တော်ယာဉ်တတိယအများဆုံးထုတ်လုပ်ရောင်းချသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ကိုဗစ်ကပ်ရောဂါ၏သက်ရောက်မှုများကြောင့် စီးပွားရေးကျဆင်းမှုများကြုံတွေ့ခဲ့ရသော်လည်း လတ်တလောနှစ်များတွင် လူဦးရေတိုးပွားလာမှုကြောင့် စီးပွားရေးပြန်လည်အားကောင်းလာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ GDP မှာ ၇ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း Reserve Bank of India က ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၌ အလယ်အလတ်တန်းစားလူဦးရေမှာ များပြားလာသော်လည်း တစ်ဦးကျ GDP မှာ အမေရိကန်ဒေါ်လာ ၂၅၀၀ ဝန်းကျင်နီးပါးသာရှိကြောင်းနှင့် အဆိုပါတစ်ဦးကျ GDP မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏တစ်ဦးကျ GDP နှင့် တရုတ်နိုင်ငံ၏တစ်ဦးကျ GDP ၏ ၅ ပုံ ၁ ပုံနီးပါးသာရှိကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၂၁-၄-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan