U. A. E

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် မေလ ၆ ရက်နေ့မှစတင်၍ ခရီးသွားဧည့်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေကြသူများကို စုစည်းမည့် အာရေဗျခရီးသွားစျေးကွက်ပြပွဲကျင်းပမည်

Last Updated:

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ခရီးသွားလာရေးနှင့်ခရီးသွားလာရေးဆိုင်ရာလုပ်ငန်းများအတွက် ကမ္ဘာ့ထိပ်တန်းပြပွဲတစ်ခုဖြစ်သည့် အာရေဗျခရီးသွားစျေးကွက်(ATM)ပြပွဲကို မေလ ၆ ရက်မှ ၉ ရက်နေ့ အထိ Dubai World Trade Centre တွင် ခရီးသွားဧည့်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေကြသူများအတွက် အဓိကစုစည်းမှုအဖြစ် ကျင်းပသွားမည်ဖြစ်ပါသည်။

Deloitte စီးပွားရေးလုပ်ငန်းအုပ်စုမှ ရရှိသောအချက်အလက်များအရ ဒူဘိုင်းသည် ၂၀၂၄ ခုနှစ် အတွက် ခိုင်မာသောမျှော်မှန်းချက်ဖြင့် ဒေသတွင်းဧည့်ဝန်ဆောင်မှုဆိုင်ရာဈေးကွက်များတွင် ဦးဆောင်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် လန်ဒန်၊ နယူးယောက်နှင့် ဘန်ကောက်ကဲ့သို့သော အထင်ကရမြို့တော်များထက် ဟိုတယ်အခန်းများပိုမိုရရှိစေရန် ဆောင်ရွက်ထားရှိပြီး ယခုလအတွက် ဒူဘိုင်းမြို့တွင် ဟိုတယ်အခန်းပေါင်း ၁၅၀,၀၀၀ ကျော်အထိရရှိနိုင်မည်ဖြစ်ပါသည်။

ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာန(DET)မှ ရရှိသောအချက်အလက်များအရ ဒူဘိုင်းမြို့သည် ၂၀၂၃ ခုနှစ်အတွင်းတွင် ညအိပ်ခရီးသွားဧည့်သည်ပေါင်း ၁၇.၁၅ သန်းကို လက်ခံကြိုဆိုခဲ့ပြီး ခရီးသွားဧည့်သည်များ၏ ပျမ်းမျှနေထိုင်မှုကာလမှာလည်း တိုးမြင့်လာခဲ့ပါသည်။ Deloitte ၏အဆိုအရ ဖေဖော်ဝါရီလတွင် ၈၈ % ဖြင့် တည်းခိုနေထိုင်မှုအမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။

ပင်လယ်ကွေ့ဒေသအတွင်းရှိ ဧည့်ဝန်ဆောင်မှုအခင်းအကျင်းပုံစံများ ဆက်လက်ပြောင်းလဲလာသည်နှင့်အမျှ တိုးတက်မှုနှင့်အခွင့်အလမ်းများအတွက် ဆွဲဆောင်မှုရှိသောရုပ်ပုံလွှာကို အချက်အလက်များက ပုံဖော်လျက်ရှိကြောင်း ATM 2024 ပြပွဲတွင် ကမ္ဘာတစ်ဝှမ်းမှဧည့်ဝန်ဆောင်မှုဆိုင်ရာ ခရီးသွားအမှတ်တံဆိပ်များစွာကို တင်ဆက်ပြသသွားမည်ဖြစ်ပြီး ဟိုတယ်အမှတ်တံဆိပ်များအတွက် ရည်ရွယ်ထားသောပြပွဲနေရာ ၂၁ % အထိတိုးတက်လာခဲ့သည်ကို ဝမ်းမြောက်စွာဖြင့်ဖော်ပြအပ်ပါကြောင်း အာရေဗျခရီးသွားစျေးကွက်ပြပွဲမှ ပြပွဲညွှန်ကြားရေးမှူး Danielle Curtis က ပြောကြားခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E