Russia

ရုရှားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုတွင် တရုတ်နှင့် ဗီယက်နမ်တို့မှ ဦးဆောင်

Last Updated:

၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များဝင်ရောက်မှုတွင် ထိပ်တန်းနိုင်ငံများမှာ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ UAE၊ ကာတာနှင့် အီရန်တို့ဖြစ်ကြောင်း ရုရှားနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(the Association of Tour Operators of Russia - ATOR) က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များဝင်ရောက်မှုသည် တိုးလာကြောင်း ရုရှားခရီးသွားလုပ်ငန်းများက အစီရင်ခံထားသည်။ ယခုနှစ်တွင် ခရီးသွားဝင်ရောက်မှု၌ ဦးဆောင်သူသည် တရုတ်နိုင်ငံဖြစ်ပြီး လာမည့်ခရီးသွားရာသီတွင် ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ UAE၊ ကာတာနှင့် အီရန်တို့သည်လည်း ထိပ်ဆုံးစာရင်းထဲတွင် ပါဝင်လာမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများသည် ထိုင်းနှင့် CIS အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားများဝင်ရောက်လာမည့် အလားအလာကောင်းများကိုလည်း မျှော်လင့်လျက်ရှိသည်။

ရုရှားနွေရာသီခရီးစဉ်များ၏ ၈၀ ရာခိုင်နှုန်းသည် မော်စကိုနှင့် စိန့်ပီတာစဘတ်တို့တွင် လည်ပတ်ကြပြီး နိုင်ငံခြားသားခရီးသွားများသည် အဆိုပါမြို့တော်နှစ်ခုသို့သာမက Baikal ရေကန်၊ Kazan နှင့် Tyumen ဒေသများသို့လည်း ခရီးသွားကြသည်။ အရှေ့ဖျားဒေသ Primorye ခရိုင်သည် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများမှ ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်ဟု ATOR အမှုဆောင်ဒါရိုက်တာ Ms. Maya Lomidze က ပြောကြား သည်။

၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများဝင်ရောက်မှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃ ဆမှ ၄ ဆအထိ တိုးလာနိုင်ကြောင်း သိရှိရပါသည်။ ရုရှားဖက်ဒရယ်စာရင်းအင်းဌာန(Rosstat)၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ရုရှားနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ၏ ဝင်ရောက်မှုအရေအတွက်သည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂.၀၃ သန်းအထိ တိုးလာခဲ့ပြီး ၄၂.၉၆ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source :   https://tass.ru/obschestvo/20569081

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia