ဂျပန်နိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းတွင် လုပ်သားပြတ်လပ်မှုများဖြစ်ပေါ်နေသည့်အတွက် ဂျပန်လက်လီအရောင်းဆိုင် Aeon အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ကျွမ်းကျင်လုပ်သား ၄,၀၀၀ အထိ ခန့်ထားပြီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Aeon အနေဖြင့် ဂျပန်အစိုးရ၏ကျွမ်းကျင်လုပ်သားခေါ်ယူရေးအစီအစဉ်အရ နိုင်ငံခြားသားကျွမ်းကျင် လုပ်သား ၁,၅၀၀ ဦး ခေါ်ယူထားပြီးဖြစ်ကြောင်း၊ အဆိုပါလုပ်သားများမှာ Aeon Supermarkets များတွင် ရောင်းချမည့်စားသောက်ကုန်များထုတ်လုပ်သည့်လုပ်ငန်းများတွင် အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ နိုဝင်ဘာလတွင် Aeon ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Aeon Delight အနေဖြင့် အင်ဒိုနီးရှားအစိုးရနှင့်ပူးပေါင်း၍ ကျွမ်းကျင်လုပ်သား ၁၆ ဦးခေါ်ယူခန့်ထားခဲ့ကြောင်း၊ အဆိုပါလုပ်သားများမှာ သန့်ရှင်းရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အဆိုပါလုပ်ငန်းအမျိုးအစားမှာ ကျွမ်းကျင်လုပ်သားခေါ်ယူရေးအစီအစဉ်အရ ထပ်မံဖြည့်စွက်ခွင့်ပြုခဲ့သည့် လုပ်ငန်းအမျိုးအစားဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ်၊ မတ်လတွင် ဂျပန်အစိုးရအဖွဲ့အနေဖြင့် Supermarkets များတွင် အသင့်စားဟင်းပွဲ များပြင်ဆင်ထုတ်လုပ်ခွင့်အပါအဝင် ကျွမ်းကျင်လုပ်သားခေါ်ယူရေးအစီအစဉ်အောက်မှ ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားများကို ချဲ့ထွင်ခွင့်ပြုခဲ့ကြောင်း၊ ထို့ကြောင့် Aeon Group အနေဖြင့် ဂျပန်နိုင်ငံ တစ်ဝန်းရှိ ၎င်း၏ Supermarkets ၂,၇၀၀ တွင်ဝန်ထမ်းများ ထပ်မံခေါ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဝန်ထမ်းအသစ်အများစုကို Aeon Delight တွင် ခန့်ထားသွားမည်ဖြစ်ပြီး၊ Aeon Group ၏ ဝန်ထမ်းခန့်ထားရေးအဖွဲ့မှတစ်ဆင့် ကုမ္ပဏီခွဲများတွင်လည်း ခန့်ထားသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် Aeon Group အနေဖြင့် အိမ်ရာများပံ့ပိုးခြင်းနှင့် အခြားသောအပန်းဖြေနိုင်မည့် အစီအစဉ်များကိုလည်း ဆောင်ရွက် ပေးခြင်းဖြင့် နိုင်ငံခြားသားဝန်ထမ်းများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျပန်အစိုးရအနေဖြင့် ကျွမ်းကျင်လုပ်သားခေါ်ယူရေးအစီအစဉ်ကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ကြောင်း၊ ၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ နောင် ၅ နှစ်တာကာလအတွင်း အဆိုပါအစီအစဉ်မှတစ်ဆင့် လုပ်သား ၈၂၀,၀၀၀ ဦးခေါ်ယူနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လွန်ခဲ့သော ၅ နှစ်တာကာလနှင့်နှိုင်းယှဉ်ပါက ၂.၄ ဆ များပြားလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါအစီအစဉ်သည် ဂျပန်နိုင်ငံတွင် လုပ်သားပြတ်လပ်မှုကိုလျှော့ချနိုင်မည့် အဓိကလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ Teikoku Databank မှ ထုတ်ပြန်ထားသည့် ဧပြီလစစ်တမ်းအရ စားသောက်ဆိုင်လုပ်ငန်းရှင်များ၏ ၅၇ ရာခိုင်နှုန်းတွင် အချိန်ပြည့်ဝန်ထမ်း အလုံအလောက်မရှိကြကြောင်း၊ စားသောက်ဆိုင်များ၏ ၇၅ ရာခိုင်နှုန်းနှင့် အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများ၏ ၅၇ ရာခိုင်နှုန်းမှလည်း အချိန်ပိုင်းလုပ်သားများပြတ်လပ်လျက်ရှိကြကြောင်း စစ်တမ်းတွင် ဖြေဆိုခဲ့ကြကြောင်း ဖော်ပြထားပါသည်။
7-Eleven လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် Seven & i Holdings အနေဖြင့် ဖေဖော်ဝါရီလမှစ၍ အွန်လိုင်းမှရောင်းချမည့် စားသောက်ကုန်လုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သား ၂၄၀ ဦးခန့်ထားခဲ့ကြောင်း၊ စားသောက် ဆိုင်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Hiday Hidaka အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကျွမ်းကျင်လုပ်သား ၂၆ ဦးခန့်ထားသွားမည်ဖြစ်ကြောင်း၊ ထို့အတူ စားသောက်ဆိုင်လုပ်ငန်းဆောင်ရွက်လျက် ရှိသည့် Watami အနေဖြင့်လည်း ၂၀၂၄ ခုနှစ် မတ်လအထိ နိုင်ငံခြားသားကျွမ်းကျင်လုပ်သား ၂၂၇ ဦး ခန့်ထားပြီးဖြစ်ကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းများပြားလာခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ လစာနှုန်းထားများမှာ ၂၀၃၀ ပြည့်နှစ်၌ ဂျပန်နိုင်ငံတွင်ရရှိသည့် လစာထက် ၅၀ ရာခိုင်နှုန်းကျော်များပြားလာနိုင်ကြောင်း Japan Center for Economic Research မှ ခန့်မှန်း ထားကြောင်း၊ ထို့ကြောင့် အဆိုပါနိုင်ငံများမှ အလုပ်သမားများအနေဖြင့် ဂျပန်နိုင်ငံသို့ အလုပ်လာရောက်လုပ်ကိုင်လိုစိတ်နည်းပါးလာနိုင်သည့်အတွက် ဂျပန်ကုမ္ပဏီများအနေဖြင့် အခြားသောအကျိုးခံစားခွင့်များနှင့် ပံ့ပိုးမှုများဆောင်ရွက်ပေးရန် လိုအပ်လာမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)
Source: The Nikkei Asia (25-6-2024)
 
                         
                        