India (Delhi)

အမေရိကန်နှင့် အီးယူတို့က အိန္ဒိယ၏ ဆန်တင်ပို့မှုကန့်သတ်ချက်ကို ပြင်းထန်စွာဝေဖန်

Last Updated:

အမေရိကန်၊ အီးယူနှင့် ကနေဒါအပါအဝင်နိုင်ငံများက အိန္ဒိယ၏ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုတားမြစ်ချက်သည် လိုအပ်နေသည့်နေရာများသို့ ရိက္ခာစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး မလိုလားအပ်သည့် ကုန်သွယ်မှုအတားအဆီးဖြစ်နေသည်ဟု ရှုတ်ချဝေဖန်ခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO၏ စိုက်ပျိုးရေးဆိုင်ရာကော်မတီအစည်းအဝေးတွင် ဂျပန်၊ သြစတြေးလျ၊ ဘရာဇီး၊ အီးယူ၊ ဗြိတိန်နှင့် အမေရိကန်တို့က ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်အားတင်ပို့နေသည့် ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူ အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် တားမြစ်ပိတ်ပင်မှုများ၏သက်ရောက်မှုများအပေါ် စိုးရိမ်ပူပန်မှုများအား တင်ပြခဲ့ကြပါကြောင်း သိရှိရသည်။

အိန္ဒိယသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ဇူလိုင်လတွင် တားမြစ်ခဲ့ကြောင်းနှင့် ယင်းအစီအမံများသည် ယခုကဲ့သိုအကျပ်အတည်းကာလတွင် သွင်းကုန်များအပေါ် မှီခိုနေသည့်နိုင်ငံများအပေါ် ဆိုးရွားစွာသက်ရောက်မှုရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများက ကန့်ကွက်မှုများရှိခဲ့သည်ဟု ဂျီနီဗာအခြေစိုက် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၃၆ သန်း သိုလှောင်ထားရှိကြောင်းနှင့် ခန့်မှန်းခြေဆန်တန်ချိန် ၁၃၄ သန်း စံချိန်တင်ရိတ်သိမ်းရန်အသင့်ရှိသည်ဟု အမေရိကန်စိုက်ပျိုးရေးဌာန(USDA)၏ အချက်အလက်များကို ကိုးကား၍ အမေရိကန်နိုင်ငံက ပြောကြားခဲ့ပါကြောင်း၊ ယခုကဲ့သို့သောအခြေအနေတွင် ကုန်သွယ်ရေးဆိုင်ရာတားမြစ်ချက်များသည် မလိုလားအပ်သောအတားအဆီးများကိုဖြစ်စေပြီး အမှန်တကယ်လိုအပ်နေသောဒေသများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အခက်အခဲဖြစ်စေပါကြောင်း၊ အဆိုပါပို့ကုန်တားမြစ်ချက်ကို ချက်ချင်းရုတ်သိမ်းရန် အိန္ဒိယကို အမေရိကန်က တောင်းဆိုထားကြောင်း အထက်ပါအရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။

အထက်ပါတောင်းဆိုချက်များအပေါ် အိန္ဒိယက ဆန်တင်ပို့မှုဆိုင်ရာ တားမြစ်ချက်အသစ်သည် လူဦးရေ ၁.၄ ဘီလီယံအတွက် စားနပ်ရိက္ခာဖူလုံမှုရှိစေရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကန့်သတ်ထိန်းချုပ်ခြင်းမဟုတ်ကြောင်း  ပြန်လည်ချေပပြောကြားသည်။

ထိုသို့သောအစီအမံများအတွက် အမေရိကန်နှင့်အခြားအဖွဲ့ဝင်နိုင်ငံများက ကြိုတင်သတိပေးချက် ထုတ်ပြန်ရန်တောင်းဆိုမှုအတွက် အိန္ဒိယက ပုဂ္ဂလိကကုန်သည်လုပ်ငန်းရှင်များ၏စျေးကွက်ကို လွှမ်းမိုးခြယ်လှယ်ခြင်းမှတားဆီးရန်အတွက် ကြိုတင်သတိပေးချက်ထုတ်ပြန်နိုင်ခြင်းမရှိကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ(WTO)၏ စိုက်ပျိုးရေးဆိုင်ရာကော်မတီအစည်းအဝေးတွင် ပြန်လည်ချေပပြောကြားခဲ့မှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: US, EU flay India’s rice export curbs, The Economic Times, 28 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)