India (Delhi)

အိန္ဒိယသည် တစ်နှစ်လျှင် ရူပီးသန်းပေါင်း ၄ သန်းအသုံးပြုနေရသော အကြီးမားဆုံးထောက်ပံ့မှုအစီအစဉ်များဖြစ်သည့် အစားအစာနှင့် LPG အပေါ် ထောက်ပံမှုများကို ပြင်ဆင်မှုများဆောင်ရွက်မည်

Last Updated:

အိန္ဒိယနိုင်ငံ၏ မူဝါဒပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်သော NITI Aayog သည် မကြာမီတွင် အိန္ဒိယ၏ အကြီးမားဆုံးထောက်ပံ့မှုအစီအစဉ်များဖြစ်သည့်  အမျိုးသားစားနပ်ရိက္ခာဖူလုံရေးဥပဒေနှင့် LPG ထောက်ပံ့မှုများကို ကျိုးကြောင်းဆီလျော်စွာအသုံးပြုနိုင်ရန်၊ အလေအလွင့်ဖြစ်မှုမှ ကာကွယ်ရန်နှင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ပြည်သူများထံ အထောက်အပံ့များရရှိမှုသေချာစေရန်အတွက် ပြန်လည်ဆန်းစစ်မှုများ မကြာမီဆောင်ရွက်တော့မည်ဖြစ်ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

တစ်နှစ်လျှင် ကုန်ကျစရိတ်သန်းပေါင်း ၄,၀၀၀,၀၀၀ ရှိသော ယင်းအစီအစဉ်နှစ်ခုကို ပြန်လည် လေ့လာသုံးသပ်မှုများဆောင်ရွက်ရန်အတွက် NITI Aayog ၏အောက်တွင် ဖွဲ့စည်းထားသည့် ဖွံ့ဖြိုးတိုးတက်မှုစောင့်ကြည့်လေ့လာရေးနှင့်အကဲဖြတ်ရေးရုံး(Devlopment Monitoring and Evaluation Office–DEMO)က ဗဟိုညှိနှိုင်းရေးအေဂျင်စီတစ်ခုဖွဲ့စည်း၍ဆောင်ရွက်ရန် အဆိုပြုလွှာထုတ်ပြန်ထားပါကြောင်း၊ အိန္ဒိယအစိုးရသည် ၂၀၁၃ ခုနှစ်တွင် ပြဌာန်းခဲ့သော National Food Security Act(NFSA) မှတဆင့် ကမ္ဘာ့အကြီးဆုံး အများပြည်သူအစားအစာနှင့် အာဟာရဘေးကင်းရေးကွန်ယက်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ပြည်သူလူထုအတွက် အသုံးစရိတ်ကို များပြားစွာသုံးစွဲနေသော်လည်း ငတ်မွတ်ခေါင်းပါးမှုမှာ  ကမ္ဘာတဝှမ်းလုံး၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသဖြင့် စားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရဆိုင်ရာရလဒ်များရရှိမှုသည် နိုင်ငံအတွက် နှေးကွေးနေသည်ဟု DMEO ၏ အဆိုပြု စာတမ်းတွင် ဖော်ပြထားသည်။

နေအိမ်မီးဖိုချောင်သုံးရေနံဓါတ်ငွေ့ရည်(LPG)ထောက်ပံ့ကြေးကို အကဲဖြတ်ခြင်း၏ နောက်ကွယ်ရှိ အဓိကအကြောင်းအရင်းအား ရှင်းပြရာတွင် အိန္ဒိယသည် တရုတ်နှင့် အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးစွမ်းအင်သုံးစွဲသူဖြစ်ကြောင်း၊ အိန္ဒိယ၏ လက်ရှိ LPG သုံးစွဲမှုသည် စုစုပေါင်း ရေနံထွက်ကုန်များ၏ ၁၂. ၃ ရာခိုင်နှုန်းအထိမြင့်တက်လျက်ရှိပြီး ရေနံဆီ(Kerosene )သုံးစွဲမှု ၁.၁၃ ရာခိုင်နှုန်းနှင့်သာရှိပါကြောင်း၊ လက်ရှိ အထောက်အပံ့ပေးမှုများကြောင့် LPG သုံးစွဲမှုမှာ ပိုမိုတိုးမြှင့်နိုင်စေမည်ဖြစ်ရာ ပြန်လည်သုံးသပ်မှုများဆောင်ရွက်ရန် မရှိမဖြစ်လိုအပ်ကြောင်း DEMO က ထပ်လောင်းပြောကြားထားသည်။

DMEO ၏အဆိုအရ NFSA 2013 အရ ချက်ပြုတ်ထားသော အစားအစာများ၊ အိမ်သုံးရိက္ခာများကို အထောက်အပံ့ပေးထားသည့် ချိုသာသောဈေးနှုန်းနှင့်ဝယ်ယူရရှိနိုင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ထောက်ပံ့ကြေးများကို ရည်မှန်းထားသူများအတွက် အများသူငှာဖြန့်ဖြူးရေးစနစ်(Targeted Public Distribution System-TPDS)အစီအစဉ်၊ ပေါင်းစည်းထားသော ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးစနစ်(Integrated Child Development-ICDS)အစီအစဉ်နှင့် နေ့လယ်စာအစီအစဉ်(Mid Day Meal scheme)မှ ရယူဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာထောက်ပံ့မှုအတွက် TPDS အောက်မှ အကောင်အထည်ဖော်‌ဆောင်ရွက်မှုမှာ ရူပီးသန်းပေါင်း လေးသိန်းနှစ်သောင်းကျော်ဖြစ်ပြီး MDM နှင့် ICDS တို့၏အောက်မှ အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ အကောင်အထည်ဖော်မှုကုန်ကျစရိတ်မှာ ရူပီးသန်းပေါင်း တစ်သိန်းနှစ်သောင်းကိုးထောင်နှင့် တစ်သိန်းခုနှစ်သောင်းကျော်အသီးသီးရှိကြောင်း သိရှိ ရသည်။

DMEO ၏အဆိုအရ အိန္ဒိယနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့သုံးစွဲမှုသည် နိုင်ငံ၏စွမ်းအင်လိုအပ်ချက်၏ သုံးပုံတစ်ပုံကျော်ရှိကြောင်း၊ ထို့ပြင် လူဦးရေတိုးလာခြင်း၊ စီးပွားရေးတိုးတက်မှုနှင့် သန့်စင်သောစွမ်းအင်အတွက် တစ်ဆက်တည်းလိုအပ်ချက်တို့နှင့်အတူ ရေနံနှင့် သဘာဝဓာတ်ငွေ့၀ယ်လိုအားသည် နှစ်စဉ်တိုးတက်လျက်ရှိကြောင်း သိရသည်။

ပြည်သူရေးရာမူဝါဒများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်များကို ပြန်လည်ဆန်းစစ်၍ လိုအပ်သည်များပြန်လည်ပြင်ဆင်ဆောင်ရွက်ခြင်းသည် အရေးကြီးသည့်အဆင့်တစ်ခုဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့်လည်း ချမှတ်ကျင့်သုံးဆောင်ရွက်နေသည့် မူဝါဒများတွင် အားနည်းချက်များရှိသည်ကိုတွေ့ရှိရခြင်း၊ ခေတ်စနစ်ပြောင်းလဲလာသည့်အတွက် လိုက်လျောညီထွေရှိစေရန် ပြန်လည်ပြင်ဆင်ရန် လိုအပ်ခြင်းတို့ကြောင့် မူဝါဒများကို ပြန်လည်ဆန်းစစ်မှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိချမှတ်ထားသည့် တစ်ချို့သောကုန်သွယ်မှုဆိုင်ရာမူဝါဒများကိုလည်း ခေတ်စနစ်နှင့်လိုက်လျောညီထွေဖြစ်စေရန်အတွက် ပြန်လည်သုံးသပ်၍ လိုအပ်သည်များကို ပြင်ဆင်ချမှတ်ဆောင်ရွက်နိုင်ပါက နိုင်ငံနှင့်ပြည်သူများအတွက် များစွာအကျိုးရှိနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Source: India may fix biggest subsidy schemes – food & LPG – that cost Rs 4 Lk cr a year, The Economic Times, 26 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)