India (Delhi)

အိန္ဒိယသည် ဘာစမာတီမဟုတ်သော ဆန်ဖြူတန်ချိန် ၇၅,၀၀၀ ကို ယူအေအီးသို့ တင်ပို့ခွင့်ပြု

Last Updated:

အိန္ဒိယသည် ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှုအား ပြည်တွင်းဈေးကွက်တည်ငြိမ်စေရန်နှင့်ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် ဇူလိုင် ၂၀ ရက်မှစတင်ကာ တားမြစ်ထားသော်လည်း ဘာစမာတီမဟုတ်သော ဆန်ဖြူတန်ချိန် ၇၅,၀၀၀ ကို ယူအေအီးသို့ တင်ပို့ခွင့်ပြုခဲ့သည်ဟု The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

ယူအေအီးသို့ ဆန်ဖြူတင်ပို့ခွင့်ကို အမျိုးသားပို့ကုန်သမဝါယမလိမီတက်(National Cooperative Exports Limited)မှတစ်ဆင့် ခွင့်ပြုထားကြောင်း နိုင်ငံခြားကုန်သွယ်ရေးအထွေထွေညွှန်ကြားမှုဦးစီးဌာန(DGFT)၏ တနင်္လာနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့်အမိန့်ကြော်ငြာစာ၌ ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် DGFT က အခြားသောနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှုအတွက် ယင်းနိုင်ငံအစိုးရတို့၏တောင်းဆိုမှုအပေါ်အခြေခံ၍ ၎င်းတို့၏စားနပ်ရိက္ခာဖူလုံမှုလိုအပ်ချက်များနှင့် ကိုက်ညီစေရန် အိန္ဒိယအစိုးရက ဆန်တင်ပို့ခွင့်များကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းလည်းဖော်ပြထားပါသည်။ ထို့အပြင် ပြီးခဲ့သောလတွင် အိန္ဒိယသည် စင်ကာပူ၏ စားနပ်ရိက္ခာဖူလုံမှုလိုအပ်ချက်များကို ပြည့်မီစေရန် ဆန်တင်ပို့မှုအား ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံမှ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်သွင်းသူများမှာ အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘီနင်၊ ယူအေအီး၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိုင်ဗရီကို့စ်၊ တိုဂို၊ ဆီနီဂေါ၊ ဂီနီ၊ ဂျီဘူတီ၊ မဒါဂတ်စကာ၊ ကင်မရွန်၊ ဆိုမာလီယာ၊ မလေးရှားနှင့် လိုက်ဘေးရီးယားတို့ဖြစ်သည်။

အိန္ဒိယသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်လည်း ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့ပြီး စပါးစိုက်ဧကလျော့နည်းသဖြင့် အထွက်နှုန်းကျဆင်းမည်ကို စိုးရိမ်မှုသောကြောင့် ပေါင်းဆန်မှအပ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုများအပေါ် အခွန် ၂၀ ရာခိုင်နှုန်းချမှတ်ခဲ့ပြီး နိုဝင်ဘာလတွင် ယင်းထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသဖြင့်  အိန္ဒိယနိုင်ငံအနေဖြင့် ဆန်ဖြူတင်ပို့မှုအား ကန့်သတ်ထားသော်လည်း မိတ်ဖက်နိုင်ငံများ၏ တောင်းဆိုမှုအခြေအနေပေါ်မူတည်ပြီး ခွင့်ပြုဆောင်ရွက်ပေးနေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: India permits 75,000 tonnes no-basmati white rice exports to UAE, The Economic Times, 26 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)