Japan

၂၀၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၏ ၉၀ ရာခိုင်နှုန်းကျော်မှ အခြေခံလစာတိုးမြှင့်ပေးသွားမည်

Last Updated:

ငွေကြေးဖောင်းပွမှုမြင့်တက်လျက်ရှိခြင်းနှင့် လုပ်သားရှားပါးမှုများကြုံတွေ့နေရသည့်တိုင် ၂၀၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၄.၁ ရာခိုင်နှုန်းမှ အခြေခံလစာတိုးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါသတင်းတွင် Nikkei အနေဖြင့် ကုမ္ပဏီ ၅၄၄ ခုကို စစ်တမ်းကောက်ယူခဲ့ရာတွင် အဆိုပါကုမ္ပဏီများ၏ ၇၀ ရာခိုင်နှုန်းနီးပါးမှာ အလုပ်သမားသမဂ္ဂထံမှ အခြေခံလစာတိုးမြှင့်ပေးရန် တောင်းဆိုသည့်စာကို လက်ခံရရှိထားကြောင်းနှင့် ကုမ္ပဏီ ၅၄၄ ခု၏ ၉၄.၁ ရာခိုင်နှုန်းမှာ လစာတိုးမြှင့်ပေးထားပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် ကုမ္ပဏီများ၏ ၈၇.၉ ရာခိုင်နှုန်းက လစာတိုးမြှင့်ပေးခဲ့ကြကြောင်း၊ ၂၀၂၄ ခုနှစ်တွင် လစာတိုးမြှင့်မှုမှာ ပျမ်းမျှအားဖြင့် ယန်း ၁၃,၅၉၄(အမေရိကန်ဒေါ်လာ ၈၆.၂၄)ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက လစာတိုးမြှင့်မှုပမာဏမှာ ၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အခြေခံလစာတိုးမြှင့်ခြင်းကြောင့် အခြေခံလစာပေါ်မူတည်၍ တွက်ချက်ရသည့် ဆုကြေးငွေများနှင့် ထောက်ပံ့ကြေးများလည်း မြင့်တက်ခဲ့ကြောင်း၊ ငွေကြေးတန်ဖိုးကျုံ့ခဲ့သည့် ကာလများတွင် ဂျပန်ကုမ္ပဏီများအနေဖြင့် လစာနှုန်းထားတိုးမြှင့်ပေးခဲ့မှုများ မရှိခဲ့ကြောင်း၊ယခုအခါ နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းကြောင့် အခြေခံလစာနှုန်းထားတိုးမြှင့်ပေးမှုမှာ အရေးပါလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အခြေခံလစာတိုးမြှင့်မှုနှုန်းနှင့် လုပ်သက်ပေါ်မူတည်၍ လစာတိုးမြှင့်မှုနှုန်းများမှာ ယခင်နှစ်ကထက် ပျမ်းမျှအားဖြင့် ၁.၆၁ ရာခိုင်နှုန်းမြင့်တက်ကာ ၅.၆၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ကုမ္ပဏီများအနေဖြင့် လစာတိုးမြှင့်ပေးခဲ့ရသည့်အကြောင်းအရင်းကို မေးမြန်းခဲ့ရာတွင် စစ်တမ်းဖြေဆိုခဲ့သည့် လုပ်ငန်းရှင်များ၏ ၆၈.၆ ရာခိုင်နှုန်းက ငွေကြေးဖောင်းပွမှုမြင့်မားလျက်ရှိခြင်းကြောင့်လည်းကောင်း၊ ၄၂.၉ ရာခိုင်နှုန်းက အစိုးရအနေဖြင့် လစာတိုးမြှင့်ပေးရန် တောင်းဆိုထားသည့်အတွက်ကြောင့်လည်းကောင်းနှင့် ၄၂.၁ ရာခိုင်နှုန်းက လုပ်သားရှားပါးလာခြင်းကြောင့်ဖြစ်သည်ဟု ဖြေဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လစာတိုးမြှင့်မှုနှုန်းမှာ ၆.၀၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ ၂၆ ခုအနက် သံမဏိထုတ်လုပ်သည့် လုပ်ငန်းများအနေဖြင့် လစာနှုန်းထားအများဆုံးတိုးမြှင့်ပေးခဲ့ပြီး ၁၂.၆၇ ရာခိုင်နှုန်းတိုးမြှင့်ပေးခဲ့ကြောင်း၊ အထူးသဖြင့် Nippon Steel အနေဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄.၇ ဆတိုးမြှင့်ပေးခဲ့ကြောင်း ဖော်ပြထားပါ သည်။

ကုမ္ပဏီများမှ လစာနှုန်းထားများတိုးမြှင့်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းသည် လစာတိုးမြှင့်မှုနှုန်းထက် ဆက်လက်ကျော်လွန်လျက်ရှိကြောင်း၊ သွင်းကုန်တန်ဖိုးများ မြင့်တက်လာခြင်းနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ယန်းငွေတန်ဖိုးများလည်း ဆက်လက်ကျဆင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၃၀-၅-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan