Singapore

အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားသုတေသနနှင့် တီထွင်ဆန်းသစ်မှုဘုတ်အဖွဲ့က စားအုန်းဆီမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ကြက်အစာအဖြစ် အသုံးပြုနိုင်ရန် စီစဉ်

Last Updated:

အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားသုတေသနနှင့် တီထွင်ဆန်းသစ်မှုဘုတ်အဖွဲ့(National Research and Innovation Board-BRIN)က စားအုန်းဆီထုတ်လုပ်ရာမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ကြက်အစာအဖြစ်သို့ ပြောင်းလဲအသုံးပြုနိုင်ရန် အစီအမံတစ်ခုကို ဆောင်ရွက်ထားပါသည်။ စားအုန်းဆီမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများသည် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိလာပြီး ၎င်းစွန့်ပစ်ပစ္စည်းများကို ထိထိရောက်ရောက်အသုံးပြုနိုင်ရန် လမ်းစရှိလာပြီဖြစ်ပါသည်။

BRIN က Oteck နှင့်ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် ချုပ်ဆိုခဲ့ပါသည်။ ဂျပန်ကုမ္ပဏီဖြစ်သည့် Oteck သည် စက်ရုံတည်ဆောက်ကာ စားအုန်းဆီမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ ကြက်အစာထုတ်လုပ်မည်ဖြစ်ပါသည်။

“အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီလုပ်ငန်းများမှ နှစ်စဉ်စွန့်ပစ်ပစ္စည်းတန်နှင့်ချီ၍ ထွက်ရှိကြောင်း၊ သုတေသနရလဒ်အရ အဆိုပါစွန့်ပစ်ပစ္စည်းများကို ထုတ်ကုန်အသစ်များတွင် ကုန်ကြမ်းပစ္စည်းအဖြစ် အသုံးပြုနိုင်ရေး နည်းပညာကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ကိုဖူလုံစေရေး ထုတ်လုပ်မှုများဆောင်ရွက်မည့်အပြင် ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်ရန်လည်း ရည်ရွယ်ကြောင်း” BRIN ၏စဉ်ဆက်မပြတ်ထုတ်လုပ်မှုနှင့် အကဲဖြတ်စနစ်သုတေသနစင်တာ(research center of sustainable production and life cycle assessment system-PR SPBPDH)ရှိ ကာဗွန်စက်ဝန်းစီမံခန့်ခွဲမှုခေါင်းဆောင်ဖြစ်သူ Ms. Nadirah က ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

၎င်းက Oteck သည် ထုတ်လုပ်မှုအတွက် စွမ်းအင်ထောက်ပံ့မှုအပါအဝင် လိုအပ်မည့်စက်ပစ္စည်းကိရိယာနှင့် အဆောက်အဦများ၊ အခြားလိုအပ်သောကိစ္စရပ်များကို စီစဉ်မှုအတွက် တာဝန်ရှိမည်ဖြစ်ကြောင်း၊ PR SPBPDH အနေဖြင့် စိုက်ပျိုးရေးနှင့်အစားအစာထုတ်လုပ်ရေးဆိုင်ရာ စက်ကိရိယာများနှင့် အဆောက်အဦများ၊ နည်းပညာအသုံးပြုမှုတို့အတွက် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း၊ သုတေသနသည် စားအုန်းဆီ၏ ဇီဝစွန့်ပစ်ပစ္စည်းမှ ကြက်အစာထုတ်လုပ်မှုကို ဖူလုံစေရန်နှင့် အရည်အသွေးမြင့်မားပြီး Beta-Carotene မြင့်မားသည် ကြက်အစာဖြစ်စေရန် ရည်ရွယ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများကို စီးပွားရေးအရ အကျိုးရှိစေမည်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ကိုက်ညီပြီး Beta Carotene မြင့်မားသည့် ကြက်အစာ အတွက် ကုန်ကြမ်းအရင်းအမြစ်ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ပြင်ပိုမိုကျန်းမာပြီး အာဟာရပိုမိုပြည့်ဝသည့် ကြက်သားများထုတ်လုပ်မှုကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ဆီအုန်းစိုက်ပျိုးခြင်း၊ စားအုန်းဆီထုတ်လုပ်ရောင်းချခြင်းတို့ကို တစ်စိုက်မတ်မတ်ဆောင်ရွက်နေစဉ် ထွက်ရှိလာသည့်စွန့်ပစ်ပစ္စည်း များကို အကျိုးရှိရှိပြန်လည်အသုံးပြုနိုင်ရေး၊ စီးပွားရေးအရ အကျိုးဖြစ်ထွန်းစေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရေးတို့အတွက် သုတေသနများကို အလေးပေးဆောင်ရွက်လျက်ရှိပါသည်။

ရင်းမြစ်။        Indonesia Palm Oil Association

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore