Japan

ဂျပန်အစိုးရအနေဖြင့် လောင်စာဆီ၊ လျှပ်စစ်မီတာခနှင့် ဓာတ်ငွေ့အသုံးပြုခများကို ထောက်ပံ့ပေးသွားမည်

Last Updated:

အိမ်ထောင်စုများကို ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ လောင်စာဆီအပေါ်ထောက်ပံ့မှုများကို ယခုနှစ်ကုန်အထိလည်းကောင်း၊ လျှပ်စစ်မီတာခနှင့် ဓာတ်ငွေ့အသုံးပြုခများအပေါ် ပံ့ပိုးမှုများကို ယခုနှစ်နွေရာသီတွင်လည်းကောင်း အစိုးရအနေဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအိုခီရှိဒက ပြောကြားခဲ့ပါသည်။

အဆိုပါသတင်းတွင် လောင်စာဆီလက်ကားရောင်းချသူများအပေါ် အစိုးရက ပံ့ပိုးပေးခြင်းဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများမှ လောင်စာဆီကို ဈေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ခဲ့သည်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကတည်းက ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် အစိုးရ၏အသုံးစရိတ်များအပေါ် သက်ရောက်မှုများရှိသည့်အတွက် ဝေဖန်မှုများရှိခဲ့သော်လည်း ၇ ကြိမ်တိုင် သက်တမ်းတိုးမြှင့်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လအထိသာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ရာမှ ယခုနှစ်ကုန်အထိ ဆက်လက်တိုးမြှင့်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

လျှပ်စစ်မီတာခနှင့် ဓာတ်ငွေ့အသုံးပြုခများအပေါ် ထောက်ပံ့ကြေးများကို ၂၀၂၄ ခုနှစ် မေလကုန်အထိ အစိုးရမှ ပံ့ပိုးပေးခဲ့ကြောင်း၊ ရာသီဥတုအလွန်အမင်းပူပြင်းလာမှုကြောင့် အဆိုပါထောက်ပံ့ပေးမှုအစီအစဉ်ကို ဩဂုတ်လမှစတင်၍ ၃ လတာပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် ထိုသို့ထောက်ပံ့မှုများမှာ ကာဗွန်ကင်းစင်ရေးဆောင်ရွက်မှုကို ဆန့်ကျင်လျက်ရှိသည့်အတွက် အချိန်ကာလကန့်သတ်၍သာ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ခီရှိဒက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

လောင်စာဆီ၊ လျှပ်စစ်မီတာခနှင့် ဓာတ်ငွေ့အသုံးပြုခများကို အစိုးရက ထောက်ပံ့ပေးသွားမည့်အစီအစဉ်ကြောင့် ငွေကြေးဖောင်းပွမှုကို ၀.၅ ရာခိုင်နှုန်းကျော်လျော့ကျစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရအနေဖြင့် ပင်စင်စားများနှင့် ဝင်ငွေနည်းအိမ်ထောင်စုများကိုလည်း ထောက်ပံ့ငွေများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ၂၀၄၀ ပြည့်နှစ်တွင် နိုင်ငံ၏ Nominal Gross Domestic Product (GDP)ကို ယန်း ၁,၀၀၀ ထရီလီယံ(အမေရိကန်ဒေါ်လာ ၆.၂၉ ထရီလီယံ)ရရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ Nominal GDP မှာ ၅၉၂ ထရီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၃၀ ပြည့်နှစ်တွင် Real GDP တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းကျော်ရှိစေရေးအတွက် ဂျပန် နိုင်ငံတွင် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၏ လုပ်ငန်းခွင်ဝင်ရောက်မှုများပြားလာရန် လိုအပ်ကြောင်း၊ လူဦးရေကျဆင်းမှုမြင့်တက်လာခြင်းသည် နိုင်ငံ၏တိုးတက်မှုကို နှောင့်နှေးစေနိုင်ကြောင်း ဝန်ကြီးချုပ်ခီရှိဒက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: Japan