India (Kolkata)

ဆန်ကွဲနှင့် ဆန်ဖြူကို ပို့ကုန်ခွန်တစ်ရပ်သတ်မှတ်၍ ပြန်လည်တင်ပို့ခွင့်ပြုရန် အိန္ဒိယဆန်တင်ပို့ရောင်းချသူများအသင်း(The Rice Exporters Association-TREA) မှ အိန္ဒိယအစိုးရထံ တိုက်တွန်းပြောကြား

Last Updated:

ဘာစမာတီမဟုတ်သောဆန်များကို ပိုမိုတင်ပို့နိုင်ရေး အဓိထားဆောင်ရွက်လျက်ရှိသော အိန္ဒိယဆန်တင်ပို့ရောင်းချသူများအသင်း(The Rice Exporters Association-TREA)မှ ဆန်ကွဲနှင့် ဆန်ဖြူကို ပို့ကုန်ခွန်တစ်ရပ်သတ်မှတ်၍ ပြန်လည်တင်ပို့ခွင့်ပြုရန် အိန္ဒိယအစိုးရထံ တိုက်တွန်းပြောကြားခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ဇွန်လ ၂၈ ရက်တွင် ဖော်ပြသည်။

အဆိုပါအိန္ဒိယစားနပ်ရိက္ခာဝန်ကြီး Pralhad Joshi ထံရေးသားပေးပို့ခဲ့သောစာ၌ ပေါင်းဆန်အပေါ် သတ်မှတ်ကောက်ခံလျက်ရှိသော တန်ဖိုးအလိုက်စည်းကြပ်ခွန်(ad-valorem) အစား ပုံသေခွန်(fixed duty)သတ်မှတ်ကောက်ခံပေးရန် TREA ဥက္ကဌ BV Krishna Rao မှ တင်ပြခဲ့ကြောင်း သိရသည်။

၎င်းတို့အသင်းသည် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်မဟုတ်သော ဆန်တင်ပို့သူစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း၊ အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်း(Food Corporation of India-FCI)သည် နိုင်ငံ့အရန်ဆန်အတွက် သတ်မှတ်ထားသည့်ပမာဏထက် ၄ ဆခန့်ကျော်လွန်၍ ဝယ်ယူထားရှိသည့်အတွက် ၎င်းအား ပမာဏလျှော့ချသတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ခြင်းဖြင့် Telangana, Chhattisgarh နှင့် Orissa စသည့် ဗဟိုထိန်းချုပ်မှုလျှော့ချ၍ ဝယ်ယူသော ပြည်နယ်များအတွက် အသုံးပြုသည့်ထောက်ပံ့ကြေးများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အစိုးရသည် အဆိုပါပြည်နယ်များမှ ဆန်ကိုဝယ်ယူရာတွင် သတ်မှတ်ထားသော အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း(minimum support price-MSP)ထက် အပိုကြေးပေး၍ ဝယ်ယူနေရသောကြောင့်ဖြစ်သည်။

ထိုသို့ဗဟိုအစိုးရအနေဖြင့် အရန်ဆန်ဝယ်ယူမှုနှင့် သိုလှောင်မှုကို လျှော့ချပြီး ဆန်တင်ပို့မှုအပေါ် ပို့ကုန်ခွန်ကန်ဒေါ်လာ ၃၀ မှ ၁၂၀ အထိ သတ်မှတ်ကောက်ခံမည်ဆိုပါက တစ်ဖက်တစ်လမ်းက တိုင်းပြည်ဝင်ငွေရရှိနိုင်သလို ဈေးနှုန်းများတည်ငြိမ်ပြီး ငွေကြေးဖေါင်းပွမှုကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း TREA က ပြောကြားခဲ့သည်။

ဗဟိုအစိုးရအနေဖြင့် ဆန်ဖြူနှင့် ဆန်ကွဲတင်ပို့မှုပြန်လည်ဖွင့်လှစ်ပေးပြီး၊ ပို့ကုန်ခွန်သတ်မှတ်ကောက်ခံခြင်းကို ကာလတိုအတွက်သာ ဆောင်ရွက်မည့်နည်းလမ်းတစ်ရပ်ဟု စဉ်းစားနိုင်ဖွယ်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အထက်၌ဖော်ပြခဲ့သည့်အတိုင်း အချို့ပြည်နယ်များ၌ စပါးကိုအပိုကြေးပေး၍ ဝယ်ယူသောအလေ့အထကြောင့် ယှဉ်ပြိုင်မှုပြင်းထန်သော ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများ အဆမတန်ကြီးမြင့် လာမည့်အခြေအနေဖြစ်ပေါ်လာနိုင်သည့်အတွက် အစိုးရအနေဖြင့် ကာလရှည်တွင် ပို့ကုန်ခွန်ကောက်ခံခြင်းကို ဖယ်ရှားပေးသင့်ကြောင်း ၎င်းတို့အသင်းမှ အကြံပြုပြောကြားခဲ့သည်။

အိန္ဒိယပြည်နယ်အများအပြားတွင် MSP ထက် အပိုကြေးပေး၍ ဝယ်ယူလျက်ရှိသည့်စပါးများကို ကုန်သည်များထံ လေလံစနစ်ဖြင့် ရောင်းချပေးခြင်းအားဖြင့် အစိုးရအနေဖြင့် ဆန်သိုလှောင်ကြိတ်ခွဲ စရိတ်များလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် FCI အနေဖြင့် ဆန်ကို လွတ်လပ်စွာရောင်းချပေးခြင်း အစီအစဉ်အရ လေလံစနစ်ဖြင့် ရောင်းချပေးမည်ဆိုပါက ပြည်တွင်းဆန်ဈေးနှုန်းကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရ၏ဆန်ကို သင့်တင့်သောဈေးနှုန်းဖြင့် အများပြည်သူထံ ရောင်းချပေးမည့်အစီအစဉ် ဖြစ်သော Bharat Rice scheme ကိုလည်းရပ်တန့်ရန် အဆိုပါအသင်းမှ တောင်းဆိုထားသည်။ အဆိုပါ အစီအစဉ်သည် ပြည်တွင်းဆန်ဈေးနှုန်းထိန်းချုပ်ရန်နှင့် ပြည်သူများ သင့်တင့်သောဈေးနှုန်းဖြင့် ဆန် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်သော်လည်း မျှော်လင့်ထားသလောက် မအောင်မြင်ဘဲ နောက်ဆုံးတွင် FCI ဆန်ဂိုထောင်များထံသို့ ဆန်များပြန်လည်ရောက်ရှိလာသည့်အတွက်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်ပနေအိန္ဒိယလူမျိုးများ စားသုံးလေ့ရှိသော Sona Masuri ကဲ့သို့တစ်စိတ်တစ်ပိုင်း ချက်ပြုတ်ထားသောဆန်(steamed rice)ကိုပေါင်းဆန်ကဲ့သို့ပင် တန်းတူသတ်မှတ်ကာ တင်ပို့ရောင်းချခွင့် ပြုသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါဆန်အမျိုးအစားကို တစ်နှစ်လျှင် တန်ချိန် ၀ ဒသမ ၄ သန်းသာ တင်ပို့ရောင်းချသည့်အတွက်ဖြစ်ကြောင်း TREA က တိုက်တွန်းပြောကြားခဲ့သည်။

သို့ပါ၍ အိန္ဒိယဆန်ကုန်သည်များအနေဖြင့် ဗဟိုအစိုးရ၏ ဆန်ကွဲနှင့် ဆန်ဖြူတင်ပို့မှုအပေါ် ပုံသေခွန်တစ်ရပ်သတ်မှတ်၍ ပြန်လည်တင်ပို့ခွင့်ပြုကိစ္စအပြင် အစိုးရ၏ဆန်ဝယ်ယူမှု၊ သိုလှောင်ရောင်းချမှုဆိုင်ရာ မူဝါဒနှင့် ဆောင်ရွက်ချက်များအပေါ် ဝေဖန်ထောက်ပြ၍ အကြံပြုတင်ပြထားပါသည်။

ရည်ညွှန်း။          The Hindu Businessline, Indian exporters body seeks fixed duty on white and broken rice than ban, June 28, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)