China (Kunming)

တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစ၍ ဝီစကီတင်သွင်းမှုအခွန်ကို ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်

Last Updated:

တရုတ်နိုင်ငံသည် နိုင်ငံတကာကုန်သွယ်ရေးဆိုင်ရာ ပွင့်လင်းမှုမူဝါဒ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဝီစကီတင်သွင်းမှုအခွန် လျှော့ချသွားမည်ဟု ကြေညာလိုက်ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်(သောကြာနေ့)တွင် တရုတ်နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်(Customs Tariff Commission)မှထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ ဝီစကီအတွက် တင်သွင်းမှုခွန်နှုန်း(import tariff)ကို လက်ရှိအသုံးပြုနေသောနိုင်ငံအလိုက် အချိုးအဆကောင်းဆုံးနှုန်း(most-favored-nation tariff) ၁၀ ရာခိုင်နှုန်းမှ ယာယီခွန်နှုန်း(provisional tariff) ၅ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ယင်းသည် မူလခွန်နှုန်း၏ ထက်ဝက်ခန့်သို့ လျှော့ချခြင်းဖြစ်သည်။

အဆိုပါကြေညာချက်သည် ဈေးကွက်အတွင်း၌ ကုန်ပစ္စည်းရရှိနိုင်မှု ပမာဏကို တိုးမြှင့်ပေးရန်၊ စားသုံးသူတို့၏ဝယ်ယူလိုစိတ်နှင့် ဝယ်ယူနိုင်စွမ်းကို ပိုမိုကောင်းမွန်စွာဖြည့်ဆည်းပေးနိုင်ရန်နှင့် စားသုံးမှုအဆင့်အတန်းမြှင့်တင်ရေး(consumption upgrading)ကို အထောက်အကူပြုရန်ရည်ရွယ်ခြင်းဖြစ်ပြီး တရားမဝင်တင်သွင်းရောင်းချမှုများအတွက် ထိရောက်သော လုပ်ဆောင်ချက်တစ်ခုဖြစ် သည်ကို တွေ့ရှိ ရပါသည်။

ယင်းခွန်နှုန်းသက်သာမှုကြောင့် ဝီစကီတင်သွင်းမှုပမာဏတိုးလာနိုင်ပြီး စီးပွားရေးလုပ်ငန်းများအတွက် ယှဉ်ပြိုင်နိုင်စွမ်းပိုမိုကောင်းမွန်လာမည့်အပြင် စားသုံးသူများအနေဖြင့်လည်း ဈေးနှုန်းပိုမိုသက်သာစွာဖြင့် ဝယ်ယူလာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် စကော့တလန်နှင့် အိုင်ယာလန်ကဲ့သို့သော အဓိကဝီစကီထုတ်လုပ်သည့် နိုင်ငံများအတွက်လည်း တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်မှုအခွင့်အလမ်း ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်သည်။

အရင်းမြစ်။ https://en.people.cn/n3/2026/0131/c90000-20421257.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)