Japan

ဂျပန်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရွှေတင်ပို့မှုစံချိန်တင်မြင့်တက်ခဲ့

Last Updated:

ဂျပန်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရွှေတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း The Nekki Asia သတင်းဌာန၏ အွန်လိုင်းသတင်းတွင် ‘Japan gold exports hit record $25bn,likely include metal once smuggled in’ ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ကမ္ဘာ့ပထဝီနိုင်ငံရေးအန္တရာယ်များမြင့်တက်လာခြင်းကြောင့် ဈေးနှုန်းများမြင့်တက်လာခဲ့သည့်အတွက် ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဂျပန်နိုင်ငံမှ ပြည်ပနိုင်ငံများသို ရွှေတင်ပို့မှုပမာဏယန်း ၄ ထရီလီယံ(ဒေါ်လာ ၂၅ ဘီလီယံ)ရရှိခဲ့သည့် ပထမဆုံးကာလအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ ရွှေတုံးများအပါအဝင် ရွှေဆက်စပ်ပစ္စည်းများတင်ပို့မှုများသည် ယန်း၄.၀၈ ထရီလီယံသို့ရောက်ရှိခဲ့သည့်အတွက် ယခင်နှစ်ကထက် တင်ပို့မှုပမာဏ၊ ယန်း၁.၀၇ ထရီလီယံ(၃၅.၆%)တိုးတက်လာခဲ့ကြောင်း၊ ရွှေတင်ပို့မှုသည် ၁၉၈၈ နှစ်နောက်ပိုင်းကာလများတွင် အမြင့်ဆုံးနှစ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ရွှေတင်သွင်းမှုမှာ ယန်း ၁၇၇.၇ ဘီလီယံအထိမြင့်တက်လာကာ ယခင်နှစ်ထက် ၁၂၀% ခန့်မြင့်မားခဲ့ကြောင်း ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင်စတင်ဖြစ်ပွားခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲနောက်ပိုင်းကာလများအတွင်း ရွှေဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်မှုများဖြစ်ပေါ်လာခြင်း၊ အမေရိကန်၏ အတိုးနှုန်းလျှော့ချမှုအတွက် မျှော်လင့်ချက်များ ကျဆင်းသွားခြင်းတို့ကြောင့် ရွှေဝယ်ယူရင်းနှီးမြှုပ်နှံမှုသည် အနည်းငယ်ကျဆင်းခဲ့သော်လည်း ရွှေဝယ်ယူစုဆောင်းသော ရင်းနှီးမြှုပ်နှံမှုသည် ဆက်လက်မြင့်မားဆဲဖြစ်ကြောင်း၊ ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နိုင်ငံမှ ရွှေတင်ပို့သည့်ဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ပျမ်းမျှယန်း ၁၀ သန်းကျော်သာရရှိသော်လည်း ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်မူ တစ်ကီလိုဂရမ်လျှင် ယန်း ၁၈.၇၉ သန်းအထိရောက်ရှိခဲ့ရာ ယခင်နှစ်ထက် ဈေးနှုန်း ၄၈.၇% မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွင်း ဂျပန်နိုင်ငံမှ ရွှေတင်ပို့မှုနှင့် တင်သွင်းမှုတန်ချိန်သည် မက်ထရစ်တန် ၂၀၀ ကျော်ကွာဟခဲ့ကြောင်း၊ တင်ပို့မှုတန်ဖိုးသည် ယခင်နှစ်ထက် ယန်း ၁ ထရီလီယံနီးပါးပိုမိုတိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: https://asia.nikkei.com/business/markets/commodities/japan-gold-exports-hit-record-25bn-likely-include-metal-once-smuggled-in

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan