India (Delhi)

အိန္ဒိယအစိုးရသည် လယ်သမားများအတွက် ပဲနီလေးဆိုင်ရာ အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်းကို အာမခံပေးမည့် Portal လွှင့်တင်မည်

Last Updated:

အိန္ဒိယအစိုးရသည် ပဲနီလေးအတွက် Web Portal ကို ဖွင့်လှစ်ရန်စီစဉ်လျက်ရှိပြီး ယင်း Portal တွင် စာရင်းသွင်းမှတ်ပုံတင်ထားသော တောင်သူလယ်သမားများသာ ၎င်းတို၏ထွက်ကုန်အတွက် အနိမ့်ဆုံးထောက်ပံ့ရေးစျေးနှုန်း(MSP)ကို အာမခံပေးမည်ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါ portal အစီအစဉ်ကို ပဲစင်းငုံအတွက် ပထမဦးစွာစတင်ခဲ့ပြီး  တောင်သူလယ်သမားများအတွက် အကျိုးအမြတ်ရရှိစေရန်အတွက် မတ်ပဲနှင့်အခြားပဲမျိုးစုံကိုလွှမ်းခြုံနိုင်ရန် တိုးချဲ့ဆောင်ရွက်ထားကြောင်း အမည်မဖော်လိုသည့် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားထားသည်။

အစိုးရ၏ ပဲနီလေးဝယ်ယူရေးလုပ်ငန်းစဉ်ချောမွေ့စေရန်အတွက် ရိတ်သိမ်းရာသီမတိုင်မီ တောင်သူလယ်သမားများကို မှတ်ပုံတင်ခြင်းစတင်တော့မည်ဖြစ်ကြောင်းနှင့် အဆိုပါလယ်သမားများ၏ အကျိုးခံစားခွင့်များကို တိုက်ရိုက်လွှဲပြောင်းပေးခြင်းဖြင့်ပေးဆောင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

အိန္ဒိယသည် ပဲမျိုးစုံစားသုံးမှုအများဆုံးနိုင်ငံဖြစ်သော်လည်း ပြည်တွင်းစားသုံးမှုအတွက် တင်သွင်းမှုအပေါ် မှီခိုနေရပြီး ပဲနီလေးကို ကနေဒါနှင့် သြစတြေးလျတို့မှ တင်သွင်းမှုအပေါ် မှီခိုနေရကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုသည် ဒီဇင်ဘာလတွင် ၉.၅၃ ရာခိုင်နှုန်းမှ ဇန်နဝါရီတွင် ၈.၃ ရာခိုင်နှုန်းသို့ လျော့ကျသွားသော်လည်း ယခင်နှစ်၏ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှု ၆ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက မြင့်တက်လျက်ရှိကြောင်းနှင့် ပဲမျိုးစုံဈေးနှုန်းမြင့်တက်မှုမှာ 19.54% ထိရှိကြောင်း သိရှိရသည်။

အစိုးရသည် အထွေထွေရွေးကောက်ပွဲကာလတွင် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ကုလားပဲများကို 'Bharat' အမှတ်တံဆိပ်ဖြင့် လက်လီဈေးကွက်တွင် ချိုသာသောနှုန်းထားဖြင့် စတင်ရောင်းချလျက်ရှိကြောင်းလည်း သိရှိရသည်။

အိန္ဒိယအစိုးရသည် 2023-24 ခုနှစ်တွင် ပဲနီလေးစိုက်ဧကပိုမိုများပြားသောကြောင့် ဆောင်းရာသီတွင် တန်ချိန် ၁.၆ သန်းထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့အကြီးဆုံးပဲနီလေးစိုက်ပျိုးထုတ်လုပ်သူဖြစ်လာရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍတွင် ခေတ်မီအချက်အလက်စီမံခန့်ခွဲမှုစနစ်များအသုံးပြု၍ စိုက်ပျိုးဧက၊ ထွက်ရှိမှုတို့ကိုတွက်ချက်ပြီး ပြည်တွင်းလိုအပ်ချက်နှင့် တင်ပို/တင်သွင်းရန် လိုအပ်သည့်ပမာဏတို့ကို ခန့်မှန်းကာ ပို့ကုန်/သွင်းကုန်မူဝါဒများကို ချမှတ်ဆောင်ရွက်နေမှုအခြေအနေများအား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Masur dal portal to guarantee MSP to farmers, The Economic Times, February 29, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)