Japan

ဂျပန်နိုင်ငံရှိ ကုန်တိုက်များ၏ ရောင်းအား ၃ လမြောက်အဖြစ် ဆက်လက်တိုးတက်ခဲ့

Last Updated:

၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဂျပန်နိုင်ငံရှိ ကုန်တိုက်များ၏ရောင်းအားသည် ၃ လမြောက်အဖြစ် ဆက်လက်တိုးတက်ခဲ့ကြောင်း NHK သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan department store sales rise for 3rd month in March” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဂျပန်နိုင်ငံရှိ ကုန်တိုက်များတွင် လက်ပတ်နာရီများ၊ လက်ဝတ်ရတနာများနှင့် အခြားဇိမ်ခံပစ္စည်းများအပေါ် ဝယ်လိုအားမြင့်တက်လာသည့်အတွက် ရောင်းအားတိုးတက်လာခဲ့ကြောင်း၊နိုင်ငံခြားမှ လာရောက်လည်ပတ်သည့်ဧည့်သည်များက အခွန်ကင်းလွတ်ခွင့်ဖြင့် ဝယ်ယူမှုများသည်လည်း ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ကုန်တိုက်များ၏ရောင်းအားပမာဏသည် ယန်း၅၀၇ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံ)ခန့်ရရှိခဲ့သည့်အတွက် ယခင်နှစ် အလားတူကာလကထက် ၃.၂ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ ကုန်တိုက်များ၏ရောင်းအားသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ တိုးတက်လာခဲ့သည့်အတွက် ၃ လဆက်တိုက်ရောင်းအားတိုးတက်လျက်ရှိသည်ဟု ဂျပန်ကုန်တိုက်များအသင်းက ပြောကြားခဲ့ကြောင်း၊ နိုင်ငံခြား သားဧည့်သည်များထံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ရောင်းချရမှုသည် ၄ လ ဆက်တိုက်ကျဆင်းခဲ့သော်လည်း ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း၌ ဒေါ်လာသန်း ၃၀၀ ခန့်အထိရောင်းချခဲ့ရသည့်အတွက် ၅.၂ ရာခိုင်နှုန်းပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့ တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သည့် ခရီးသွားအရေအတွက်ကျဆင်းသွားသော်လည်း ထိုင်ဝမ်၊ တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံများမှ လာရောက်လည်ပတ်သည့် ခရီးသည်အရေအတွက်တိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့် လူတစ်ဦးချင်းစီ၏သုံးစွဲနိုင်စွမ်းသည် ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ ရောင်းအားမြင့်တက်လာသော်လည်း အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် စွမ်းအင်နှင့်ရေနံဓာတု ပစ္စည်းများဝယ်ယူရာတွင် ဖြစ်ပေါ်လာနိုင်သည့် အတားအဆီးများကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း၊ အချို့သောအဝတ်အစားများ၊ အစားအသောက်ထည့်သည့် လင်ဗန်းများနှင့် အခြားပစ္စည်းများသည် ရေနံဓာတုပစ္စည်းများမှ ဆင်းသက်လာသည့်ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်ရသည့်အတွက် ကုန်တိုက်များသို့ ကုန်စည်ဖြန့်ဖြူးပေးနိုင်မှုအပေါ် သိသာစွာထိခိုက်လာနိုင်ဖွယ်ရှိသည်ဟု ဂျပန်ကုန်တိုက်များအသင်းက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Source : https://www3.nhk.or.jp/nhkworld/en/news/20260427_B4/

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan