Japan

အမေရိကန်-အီရန်စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှ ရေနံစိမ်းတင်ဆောင်လာသည့်သင်္ဘော ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာ

Last Updated:

အမေရိကန်-အီရန်စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှ ရေနံစိမ်းတင်ဆောင်လာသည့် ရေနံတင် သင်္ဘောသည် ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပြီဖြစ်ကြောင်း the Japan Times သတင်းဌာန ၏အွန်လိုင်းသတင်းတွင် “  U.S. crude oil arrives in Japan for first time since start of Iran war” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံကိုစတင်တိုက်ခိုက်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်၍ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စုမှ ရေနံစိမ်းတင်ဆောင်လာသည့် ရေနံတင် သင်္ဘောသည် ဂျပန်နိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ အဆိုပါသင်္ဘောသည် အမေရိကန်နိုင်ငံထုတ် ရေနံစိမ်းစည်ပေါင်း ၉၁၀,၀၀၀ တင်ဆောင်၍ တိုကျိုပင်လယ်အော်ရှိ ကမ်းလွန်ဆိပ်ခံတံတားသို့ ဆိုက်ကပ်ခဲ့ကြောင်း၊ အဆိုပါရေနံစိမ်းများကို ဂျပန်ရေနံဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုဖြစ်သော Cosmo Oil က အမေရိကန်ပြည်ထောင်စုထံမှ ဝယ်ယူထားခြင်းဖြစ်ကြောင်း၊ ယခုရောက်ရှိလာသည့်ပမာဏသည် ဂျပန်နိုင်ငံ၏လောင်စာဆီတစ်ရက်စာလိုအပ်ချက်ထက် နည်းပါးကြောင်း ဖော်ပြထားပါသည်။

အီရန်နိုင်ငံတွင် စစ်ပွဲဖြစ်ပွားနေခြင်း ရေနံသယ်ယူပို့ဆောင်ရာတွင်အရေးပါသည့် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)ပိတ်ဆို့ခံထားရခြင်းတို့ကြောင့် ဂျပန်အစိုးရသည် အရှေ့အလယ်ပိုင်းမဟုတ်သောဒေသများထံမှ ရေနံစိမ်းတိုးမြှင့်ဝယ်ယူနိုင်ရေးအတွက် အလျင်အမြန်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရေနံတင်သင်္ဘောသည် တက္ကဆက်ပြည်နယ်ဆိပ်ကမ်းမှ မတ်လကုန်ပိုင်းတွင် စတင်ထွက်ခွာလာခဲ့ပြီး ပနားမားတူးမြောင်းကို ဖြတ်သန်းကာ ဂျပန်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ရောက်ရှိလာသည့် ရေနံစိမ်းများကို ကမ်းလွန်ဆိပ်ခံတံတားနှင့်ချိတ်ဆက်ထားသော ရေအောက် ပိုက်လိုင်းမှတစ်ဆင့် Cosmo Energy Holdings ၏လုပ်ငန်းခွဲဖြစ်သည့် Cosmo Oil ၏ Chiba ရေနံချက်စက်ရုံသို့ ပို့ဆောင်၍ ဓာတ်ဆီကဲ့သို့သောရေနံထွက်ပစ္စည်းများအဖြစ် ပြုပြင်ထုတ်လုပ်ကာ ဈေးကွက်အတွင်းသို့ ဖြန့်ချိသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရေနံစိမ်းတင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို အရှေ့အလယ်ပိုင်းဒေသများအပေါ် မှီခိုနေရသော ဂျပန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ၏ ဆိုးရွားလာနေသောအခြေအနေများကြောင့် ရေနံစိမ်းလုံလောက်စွာရရှိနိုင်ရေးသည် အရေးတကြီးလိုအပ်ချက်အဖြစ် ကြုံတွေ့နေရကြောင်း၊ ဂျပန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်းသည့် အရှေ့အလယ်ပိုင်းရေလမ်းကြောင်းများအပြင် မြောက်အမေရိက၊ တောင်အမေရိက၊ အမေရိကအလယ်ပိုင်းနှင့် အာရှအလယ်ပိုင်းဒေသများထံမှလည်း ရေနံတိုးမြှင့်တင်သွင်းနိုင်ရေးအတွက်  စီစဉ်လျက်ရှိကြောင်း၊ လာမည့်မေလအတွင်းတွင် ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံထံမှ ပြီးခဲ့သည့်နှစ်ကထက် ရေနံဝယ်ယူမှုလေးဆအထတိုးမြှင့်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

Source: https://www.japantimes.co.jp/business/2026/04/26/us-crude-oil-arrives-in-japan/

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan