Donald Trump ၏အမေရိကန်သမ္မတဒုတိယသက်တမ်းတွင် အခွန်စည်းကြပ်မှုကိစ္စများကို ၎င်းဆောင်ရွက်မည့်အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆောင်ရွက်ခဲ့သော်လည်း ယင်းအစိတ်အပိုင်းတစ်ခုတည်းကပင် ကမ္ဘာတစ်ဝန်းရှိ စျေးကွက်များကို ကမောက်ကမဖြစ်စေခဲ့ပြီး ကမ္ဘာ့ကုန်သွယ်မှု၏အခြေခံအုတ်မြစ်များကိုပါ ခြိမ်းခြောက်နေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။ (မှတ်ချက်။ Trump ၏ ကုန်သွယ်မှုမူဝါဒအသစ်အရ ဂျာမနီမှတင်ပို့မည့် မော်တော်ကားနှင့် ကားအပိုပစ္စည်းများအပေါ် ၂၅ % အခွန် စည်းကြပ်မည်ဟု သိရှိရပါသည်)
၂၀၂၄ ခုနှစ်တွင် ဂျာမနီနိုင်ငံမှ ခရီးသည်တင်ကားအစီးရေ (၃.၄)သန်းခန့်ကို အမေရိကန်သို့ တင်ပို့နိုင်ခဲ့ကြောင်း The German statistics office(Destatis)မှ ထုတ်ပြန်ခဲ့ရာ ယင်းအချက်အလက်များအရ အမေရိကန်သည် ဂျာမနီအတွက် အကြီးဆုံးတစ်ခုတည်းသော စျေးကွက်ဖြစ်ခဲ့ရာ ဂျာမနီကဲ့သို့ ပို့ကုန်အပေါ် အထူးသဖြင့် မော်တော်ယာဉ်ထုတ်လုပ်မှုအပေါ် မှီခိုနေကြရသည့် နိုင်ငံများအနေဖြင့် အဆိုပါဖိအားများကို ပိုမိုခံစားရကြောင်း သိရှိရပါသည်။
ဂျာမနီ၏ ifo စီးပွားရေးအကြံပေးအဖွဲ့ဥက္ကဌဖြစ်သူ Clemens Fuest က အမေရိကန်သို့ မော်တော်ယာဉ်တင်သွင်းမှုအပေါ် ယခု ကဲ့သို့အခွန်မြင့်မားစွာ စည်းကြပ်ကောက်ခံခြင်းသည် ဂျာမနီ နိုင်ငံ၏ အရေးကြီးဆုံးကောင်းမွန်စွာလည်ပတ်လျက်ရှိသောပို့ကုန်တင်ပို့မှုကို ထိခိုက်စေမည်ဖြစ်ကြောင်းနှင့် ဂျာမန်စီးပွားရေးအတွက် သိသာထင်ရှားသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နိုင်ကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
ဂျာမနီမှ Mercedes ကားထုတ်လုပ်သူများအပါအဝင် ဥရောပကားထုတ်လုပ်သူအများအပြားသည် Trump ၏ကုန်သွယ်မှုအပေါ် အခွန်စည်းကြပ်မှုနှင့် တစ်စိတ်တစ်ဒေသဆက်စပ်လျက်ရှိသည်ဟု အကြောင်းပြချက်ဖြင့် ၎င်းတို့၏တစ်နှစ်တာဘဏ္ဍာရေးလုပ်ငန်း စဉ်များကို ဆိုင်းငံ့ခြင်း သို့မဟုတ် ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ဂျာမနီနိုင်ငံ၊ Bochum ရှိ Center Automotive Research(CAR)၏ဒါရိုက်တာ Ferdinand Dudenhöffer ကမူ ပိုမိုမြင့်မားလာသောအခွန်များကို ကျော်လွှားနိုင်ရန် ကားထုတ်လုပ်သူများအနေဖြင့် လအနည်းငယ်ခန့်သိုလှောင်တင်ပို့မှုများကို ခေတ္တထိန်းသိမ်းထားနိုင်မည့် ဗျူဟာအသစ်ကို အသုံးပြုသင့်ကြောင်း ဖော်ပြထားပါသည်။
ဂျာမနီအခြေစိုက် မော်တော်ကားစီမံခန့်ခွဲမှုစင်တာဖြစ်သော Bergisch-Gladbach ၏ဒါရိုက်တာဖြစ်သူ Stefan Bratzel က ဂျာမန်ကားထုတ်လုပ်သူများသည် အမေရိကန်၌ အခွန်တိုးမြှင့်မှုမစတင်မီကပင် မော်တော်ယဉ်အများအပြားကို အမေရိကန်သို့ တင်ပို့ခဲ့ကြပြီးဖြစ်ကြောင်း၊ ယခုအခြေအနေတွင် အမေရိကန်၌ အခွန်တိုးမြှင့်မှုကြောင့် ဝယ်လိုအားကျသွားမည်ဖြစ်ရာ ယခင်တင်ပို့ထားသော ကားများအတွက် ဝင်ငွေနှင့် အမြတ်များ ပိုမိုရရှိလာနိုင်ကြောင်း ၎င်းအမြင်ကို DW သို့ ပြောကြားခဲ့ပါသည်။
နိုင်ငံရေးသမားများနှင့် ဘောဂဗေဒပညာရှင်များ၏ စိုးရိမ်ပူပန်ဆုံးသောအချက်တစ်ချက်မှာ Trump ၏ ကုန်သွယ်ရေးဗျူဟာများကို မှန်းဆ၍မရခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း အမေရိကန်သမ္မတက ကုန်သွယ်မှုသဘောတူညီချက်များကို ဒဏ်ခတ်ရန်ကြိုးပမ်းမှုတွင် လိုက်လျောညီထွေရှိသည့် အတိုင်းအတာတစ်ခုမှာ မကြာသေးမီက ထွက်ပေါ်လာသော ဗြိတိန်နှင့် တရုတ်တို့နှင့်ချုပ်ဆိုလိုက်သည့် ယာယီသဘောတူစာချုပ်များဖြစ်ပြီး အချို့သောကာလများအတွက် စည်းကြပ်ခွန်များ လျှော့ချခဲ့ကြောင်း သိရှိရပါသည်။
ပြီးခဲ့သောနှစ်အတွင်း ဗြိတိန်မှအမေရိကန်သို့တင်ပို့ခဲ့သည့် မော်တော်ယာဉ်ခန့်မှန်းအရေအတွက် အစီးရေ(၁၀၀,၀၀၀)အပေါ် ၁၀ ရာခိုင်နှုန်းခန့်အခွန်လျှော့ချပေးခဲ့ပြီး အဆိုပါခွဲတမ်းထက်ကျော်လွန်သော ယာဉ်များအပေါ်တွင်သာ တင်သွင်းခွန် ၂၇.၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဟု သဘောတူခဲ့ကြောင်းနှင့် ဗြိတိန်ရှိ အာကာသယာဉ်ထုတ်လုပ်နေသည့် Rolls-Royce မှ အင်ဂျင်များနှင့် လေယာဉ်အစိတ်အပိုင်းများကို အမေရိကန်သို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်မည်ဟု Trump က ကတိပြုခဲ့ကြောင်း ဖော်ပြ ထားပါသည်။ သို့သော်လည်း BBC သတင်းဌာနက ဖော်ပြခဲ့သကဲ့သို့ပင် သဘောတူညီချက်၏အစိတ်အပိုင်းတစ်ခုချင်းစီသည် အမေရိကန်နိုင်ငံ၏ရေရှည်ကုန်သွယ်ရေးသဘောတူညီချက်နှင့် သက်ဆိုင်နေသည့်အတွက် ယင်းကိစ္စကို ဆုံးဖြတ်ရာတွင် အမေရိကန်ကွန်ဂရက်၏ အတည်ပြုချက်ရယူရန် လိုအပ်ပါကြောင်း ဖော်ပြထားပါသည်။
ဂျာမနီရှိ Kiel Institute for the World Economy(IfW) မှ Dirk Dohse က ဥရောပမှ ကားထုတ်လုပ်သူများရင်ဆိုင်နေရသော အခြားသောစိန်ခေါ်မှုများမှာ စွမ်းအင်ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားနေခြင်းနှင့် အထူးသဖြင့် လျှပ်စစ်ကားထုတ်လုပ်မှုနယ်ပယ်တွင် ဆွဲဆောင်မှုရှိသော မော်ဒယ်မြင့်ကားများကို မထုတ်လုပ်နိုင်ခြင်းကြောင့် တရုတ်ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေခဲ့သည်ဟု DW သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မြင့်မားသော အခွန်စည်းကြပ်မှုများကို ရေရှည်တွင် ရှောင်ရှားနိုင်ရေးအတွက် ဂျာမန်ကားထုတ်လုပ်သူအချို့သည် ၎င်းတို့၏ ထုတ်လုပ်မှုကို အမေရိကန်သို့ပြောင်းရွှေ့ရန် စဉ်းစားနေကြကြောင်း ယခုအချိန်တွင် အမေရိကန်၌ စက်ရုံတည်ဆောက်ရန် စိတ်ကူးရှိနေသည့် ဂျာမနီမှ အဆင့်မြင့်ကားများ ကားထုတ်လုပ်သူ Audi အား ဥပမာထား၍ Dohse က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ နောက်ပိုင်းတွင် အမေရိကန်၌ Audi-Porsche တို့ ပူးတွဲစက်ရုံတစ်ခုဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါ သည်။
သို့ရာတွင် အမေရိကန်၌ ကားထုတ်လုပ်မည်ဆိုပါက အစိတ်အပိုင်းများစွာကို နိုင်ငံခြားမှ တင်သွင်းရမည်ဖြစ်သောကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းများ၌ အလုပ်တာဝန်ခွဲဝေချထားမှု၏ အကျိုးကျေးဇူးနှင့် အရင်းအမြစ်ရရှိနိုင်မှုအပိုင်းကို Trump အစိုးရက အမှန်တကယ်နားမလည်ထားပါက ကျွမ်းကျင်သူများအနေဖြင့် အံ့ဩဖွယ်ရာများကို တွေ့ရလိမ့်မည်ဖြစ်ကြောင်းနှင့် Trump အကောင်အထည်ဖော်လိုက်သော ပထမအစီအစဉ်သည် အမေရိကန်နိုင်ငံသာယာဝပြောရေးကို ဆိုးရွားစွာထိခိုက်စေနိုင်မည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်မှ မော်တော်ကားထုတ်လုပ်သူ Ford Motor သည် Trump ၏ အခွန်စည်းကြပ်မှုနှင့်စပ်လျဉ်းသော မသေချာမရေရာမှုများကြောင့် ယခုနှစ်အတွက် ပြုပြင်ပြောင်းလဲထားသည့်အတိုးနှင့် အခွန်မဆောင်မီ ခန့်မှန်း၀င်ငွေအပေါ် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ(ယူရို ၁.၃ ဘီလီယံ)ခန့်စည်းကြပ်ခံရနိုင်သည်ဟု ရေးဆွဲထားသော ၎င်း၏ annual guidance ကို မေလအစောပိုင်းတွင် ဆိုင်းငံ့ထားခဲ့ကြောင်း သိရှိရပါသည်။
Trump ၏ကုန်သွယ်မှုမူဝါဒကြောင့်ဖြစ်ပေါ်လာနိုင်သော ကသောင်းကနင်းဖြစ်မှုများမှ ကာကွယ်နိုင်ရန် ဂျာမန်ကားထုတ်လုပ်သူများအနေဖြင့် ဗျူဟာအသစ်များလိုအပ်ကြောင်းနှင့်အခြေအနေမှာ မသေချာမှုများ များပြားလာပါက အာရှဒေသများတွင် အနာဂတ် ကာလရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားပါသည်။
Dohse မှလည်း ကုမ္ပဏီများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ကုန်သွယ်မှုစည်းမျဉ်းများအပေါ် မှီခိုရမှုနည်းပါးစေနိုင်ရေးအတွက် ၎င်းတို့၏ ကုန်ထုတ်လုပ်မှုကို ပိုမိုတိုးချဲ့သင့်သည်ဟု ထပ်လောင်းအကြံပြုထားကြောင်း ဖော်ပြထားပါသည်။
Source: https://www.dw.com/en/trumps-auto-tariffs-hit-european-and-us-manufacturers-alike/a-72532701
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)