Germany

Nord Stream ပိုက်လိုင်းများမှတစ်ဆင့် ဂျာမနီသို့ ရုရှားမှ ဓာတ်ငွေ့တင်သွင်းမှု ပြန်လည်စတင်လာနိုင်-မနိုင်

Last Updated:

ရုရှား- ယူကရိန်းစစ်ပွဲသည် လေးနှစ်တာကာလသို့ ရောက်ရှိလာချိန်တွင် ရုရှားသည် ဂျာမနီမှတစ်ဆင့် ဥရောပသမဂ္ဂသို့ ဓာတ်ငွေ့များပြန်လည်တင်သွင်းလာနိုင်သည်ဟူသောအယူအဆတစ်ခုမှာ ပြီးခဲ့သည့်လအနည်းငယ်က ထွက်ပေါ်လာခဲ့ပါသည်။

စစ်ပွဲကို အဆုံးသတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေစဉ်တွင် ရုရှားဓာတ်ငွေ့များကို အီးယူသို့  ပြန်လည်တင်သွင်းပေါင်းစည်းလာနိုင်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါသည်။

လက်ရှိအစိုးရကို ဦးဆောင်နေသည့် ဂျာမနီ၏လက်ယာယိမ်း Christian Democratic Union (CDU)မှ အဖွဲ့ဝင်အချို့က  အဆိုပါ Nord Stream ပိုက်လိုင်းများနှင့်စပ်လျဉ်း၍ ထောက်ခံကြောင်း လပေါင်းများစွာကတည်းကပင် အရိပ်အမြွက်ပြောကြားခဲ့ပြီးဖြစ်ပါ သည်။ နောက်ဆုံးရရှိထားသော သတင်းတစ်ခုအရ Saxony ပြည်နယ်၏ CDU ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ Mr. Michael Kretschmer မှပင် ယင်းကိစ္စအား ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂျာမန်သတင်းစာ Die Zeit နှင့်တွေ့ဆုံမေးမြန်းမှုတွင်လည်း ဂျာမနီအတွက်လိုအပ်သော ဓါတ်ငွေ့ပမာဏ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ရုရှားမှရယူသင့်ကြောင်းနှင့် Nord Stream ပိုက်လိုင်းများသည် ရုရှားနှင့်ဂျာမနီအကြား ဓါတ်ငွေ့ထောက်ပံ့မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် လမ်းဖွင့်လိုက်ခြင်းဖြစ်နိုင်ကြောင်းဖော်ပြခဲ့ပါသည်။ပြည်နယ်ဝန်ကြီးချုပ်၏လုပ်ဖော်ကိုင်ဖက်များအနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖျက်ဆီးခဲ့သော Nord Stream 1 ၏ပိုက်လိုင်း(၂)ခု နှင့် Nord Stream 2 ရှိ ပိုက်လိုင်း(၁)ခု စုစုပေါင်း ပိုက်လိုင်း(၃)ခုအား ပြန်လည်ပြင်ဆင်မှုများဆောင်ရွက်ရန် မတ်လကတည်းကပင် စိတ်ကူးရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဓာတုဗေဒကုမ္ပဏီကြီးတစ်ခုဖြစ်သည့် BASF ကဲ့သို့သောဂျာမန်ကုမ္ပဏီကြီးများသည် မကြာသေးမီနှစ်များအတွင်း စွမ်းအင်ကုန်ကျ စရိတ်မြင့်မားမှုဒဏ်ကို အပြင်းအထန်ခံခဲ့ရပြီး စီးပွားရေးအနည်းငယ် ထိခိုက်ခဲ့ရပါသည်။ သို့သော်လည်း ကုမ္ပဏီ၏ပြောရေး ဆိုခွင့်ရှိသူတစ်ဦးကမူ ဓာတ်ငွေ့စျေးနှုန်းမြင့်တက်မှုတစ်ခုတည်းကြောင့် ၎င်းတို့၏ကုမ္ပဏီထိခိုက်ခဲ့ရခြင်းမဟုတ်ဘဲ ဓာတ်ငွေ့စျေးနှုန်းမြင့်တက်မှုသည် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေသည့်အချက်တစ်ချက်သာဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် ဝယ်လို အားကျဆင်းနေခြင်းနှင့် သွင်းကုန်ပမာဏတိုးတက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း DW သို့ အလေးပေးပြောကြားခဲ့ပါသည်။

ရုရှားမှဓာတ်ငွေ့အချို့ ဥရောပသို့ပြန်လည်တင်သွင်းလာရန်မျှော်လင့်ရသော်လည်း ပမာဏအားဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှား- ယူကရိန်းစစ်ပွဲမတိုင်မီက တင်ပို့ရောင်းချခဲ့သောပမာဏ၏ ၅၀ ရာခိုင်နှုန်းထက် ပိုမည်မဟုတ်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားပါသည်။

Source :        https://www.dw.com/en/nord-stream-russia-gas-germany-energy/a-72329126

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany