India (Delhi)

အိန္ဒိယကုမ္ပဏီ ၄၀၀ ကျော် ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံထား

Last Updated:

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ချုပ် Madan Mohan Sethi က အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရင်းရင်းနှီးနှီးချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို အလေးပေးပြောကြားခဲ့ပြီး နှစ်ပေါင်း ၂၀၀၀ ကျော်တည်ရှိသည့် ယဉ်ကျေးမှုများမှတစ်ဆင့် ၎င်းတို့၏သမိုင်းဝင်ဆက်ဆံရေးကို အလေးပေးပြောကြားခဲ့ကြောင်းနှင့် အိန္ဒိယကုမ္ပဏီ ၄၀၀ ကျော်က ဗီယက်နမ်နိုင်ငံတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံထားသည်ဟု ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

နှစ်နိုင်ငံစလုံးသည် ကုန်သွယ်မှု၊ ကာကွယ်ရေးနှင့် ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ဗီယက်နမ်သို့ လာရောက်လည်ပတ်သည့် အိန္ဒိယခရီးသွားဦးရေတိုးလာကြောင်းနှင့် မကြာသေးမီကာလများအတွင်း ဗီယက်နမ်နိုင်ငံသို့ အိန္ဒိယခရီးသွား ၄၀၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း၊ အိန္ဒိယနှင့် ဗီယက်နမ်ကြားက ဆက်ဆံရေးမှာ အလွန်ရင်းနှီးပြီး ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိကြောင်း Sethi က ပြောကြားခဲ့သည်။

ထို့အပြင် အိန္ဒိယသို့ လာရောက်လည်ပတ်ရန် ဗီယက်နမ်ခရီးသွားများအကြား စိတ်ဝင်စားမှုတိုးလာကြောင်း၊ ပြီးခဲ့သည့်နှစ် ဇွန်လကစပြီး ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်း၊ ဟနွိုင်းမြို့များနှင့် အိန္ဒိယနိုင်ငံ ‌ကောလ်ကတ္တား၊ ဒေလီ၊ မွမ်ဘိုင်း၊ အဟ်မဒါဘတ်၊ ကိုချီမြို့များအကြား ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုကောင်းမွန်လာခဲ့ပြီး ခန့်မှန်းချက်တစ်ခုအရဆိုပါက အိန္ဒိယခရီးသွား ၄၀၀,၀၀၀ ကျော် ဗီယက်နမ်ကို သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံသို့ ဗီယက်နမ်ခရီးသွားအရေအတွက်လည်း တိုးလာသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Sethi ၏အဆိုအရ ဗီယက်နမ်သည် ယောဂနှင့် ဗုဒ္ဓဘာသာတို့တွင် အိန္ဒိယနှင့်ဆက်စပ်မှုရှိပြီး ယခုအခါတွင် အဆင့်မြင့်ပညာရေး၊ အိုင်တီ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခရီးသွားလာရေးအပါအဝင် နယ်ပယ်ပေါင်းစုံတွင် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗီယက်နမ်နှင့် အိန္ဒိယအကြား သွားရောက်လည်ပတ်မှုများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးချုပ်မိုဒီလက်ထက်တွင် အစိုးရ၏ဆောင်ရွက်ချက်များကြောင့် အိန္ဒိယ၏ပုံရိပ်သည် မကြာသေးမီကာလများအတွင်း များစွာပြောင်းလဲလာခဲ့ပါကြောင်း၊ ပြီးခဲ့သည့်ကိုးနှစ်အတွင်း နိုင်ငံအများအပြားနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားထား သည်။

မကြာသေးမီကလည်း  ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Phan Van Giang သည် အိန္ဒိယသမ္မတ Droupadi Murmu အား လာရောက်တွေ့ဆုံခဲ့ကြောင်း သမ္မတရုံး၏ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ချက်အရ သိရှိရပြီး ဗီယက်နမ်သည် အိန္ဒိယ၏အရှေ့မျှော်မူဝါဒအရ အရေးကြီးသောမဏ္ဍိုင်ဖြစ်ပြီး အင်ဒို-ပစိဖိတ်မျှော်မှန်းချက်၏အဓိကမိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယ-ဗီယက်နမ်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး သည် ကာကွယ်ရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေး၊ စွမ်းအင်လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူချင်းဆက်ဆံရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ပြန့်လာသည်ဟု သမ္မတ Murmu က ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသည်လည်း အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒအရ အရှေ့တောင်အာရှနိုင်ငံများနှင့် ချိတ်ဆက်ရာတွင် ပထဝီအနေအထားအရ အဓိကအရေးပါသည့်နေရာတွင် တည်ရှိသကဲ့သို့ ကုလားတန်မြစ်ကြောင်းခေတ်မီဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အမြန်လမ်းစီမံကိန်းကဲ့သို့သော အခြေခံဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသဖြင့် ယင်းအခွင့်အလမ်းများကို အသုံးချပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့်  ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားသောအလားအလာရှိသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

Source: Over 400 Indian companies have invested in Vietnam: Indian envoy, The Economic Times, 3 October 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူး‌ဒေလီမြို့)

Category: India (Delhi)