India (Kolkata)

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်အတွက် ဆွေးနွေးပွဲများစတင်ရန် ပြင်ဆင်

Last Updated:

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်အတွက် ဆွေးနွေးပွဲများစတင်ရန် ပြင်ဆင်မှုများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း အိန္ဒိယအစိုးရက ယခုလ (၁)ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။အဆိုပါသဘောတူညီချက်၏ရည်ရွယ်ချက်မှာ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများတိုးမြှင့်ဖို့ဖြစ်ကြောင်း သိရသည်။ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားဖွဲ့စည်းထားသည့် ကုန်သွယ်မှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့(Joint Working Group on Trade-JWG)သည် ပြီးခဲ့သည့်သီတင်းပတ်က မြို့တော်ဒါကာ၌ တရားဝင်အဆင့်အစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဖက်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။

အဆိုပါအစည်းအဝေး၌ ဆွေးနွေးခဲ့သောကိစ္စရပ်များတွင် ဆိပ်ကမ်းကန့်သတ်ချက်များကို ဖယ်ရှားရေး၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(Comprehensive Economic Partnership Agreement-CEPA)စတင်နိုင်ရန် အခြေခံလုပ်ငန်းစဉ်များချမှတ်ခြင်း၊ စံချိန်စံညွှန်းများကို လိုက်လျောညီထွေရှိစေရန်နှင့် အပြန်အလှန်အသိအမှတ်ပြုရန်၊ အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မရှိမဖြစ်လိုအပ်သောကုန်ပစ္စည်းများ ထောက်ပံ့ပေးရေးကိစ္စတို့ပါဝင်ကြောင်း သိရသည်။ အဆိုပါ CEPA သည် စာချုပ်အဖွဲ့ဝင်နိုင်ငံများအကြား ရောင်းဝယ်ဖောက်ကားသည့် ကုန်ပစ္စည်းများစွာအတွက် အကောက်ခွန်များကို လျှော့ချသတ်မှတ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းအပြင် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းအခြေခံမူတို့ပါ၀င်သည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် အမျိုးအစားတစ်ခုဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် လမ်းနှင့် ရထားလမ်းအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဆက်သွယ်မှုများ၊ မြေယာအကောက်ခွန်စခန်းများ/ပေါင်းစပ်စစ်ဆေးရေးဂိတ်များနှင့် နယ်စပ်ခြံစည်းရိုးများကဲ့သို့ အခြေခံအဆောက်အုံများတည်ဆောက်ခြင်းနှင့် ခိုင်မာအားကောင်းစေရေးကိစ္စတို့ကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။

၎င်းတို့ကို ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်၊ စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ရှာဖွေရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်နှင့် ချဲ့ထွင်ရနရည်ရွယ်၍ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည်။ နှစ်နိုင်ငံပြဿနာများကိုဖြေရှင်းရန်၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရန်၊ အခြေခံအဆောက်အအုံ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြတ်သန်းသွားလာရေးဆိုင်ရာ အဆောက်အအုံများ တိုးတက်ကောင်းမွန်စေခြင်းဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို ချောမွေ့စေရန်အတွက် အဆိုပါဆွေးနွေးပွဲများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၁-၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁၈ ဒသမ ၁၃ ဘီလီယံရှိရာမှ ၂၀၂၂-၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံသို့ လျော့ကျသွားခဲ့ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ပထမဦးဆုံး နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ်ကို ၁၉၇၂ ခုနှစ်တွင် စတင်ချုပ်ဆိုခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် ၃ နှစ်သက်တမ်းရှိသော နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီမှု(၁)ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် မူလသဘောတူညီမှုကို ပုံမှန် (၅)နှစ်စီ သက်တမ်းတိုးသွားရန် ထပ်မံ၍ သဘောတူညီခဲ့ကြပါသည်။ ယင်းနောက်ပိုင်းတွင် ၎င်းတို့နှစ်နိုင်ငံအကြား အခြားသော ကုန်သွယ်ရေးသဘောတူညီချက်များပြုလုပ်ခဲ့ကြသော်လည်း နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ကိုမူ ချုပ်ဆိုထားခြင်းမရှိသေးပါ။ ယခုအခါ နှစ်နိုင်ငံကုန်သွယ်မှုများ လျော့ကျလာလျက်ရှိသည့်အတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(Comprehensive Economic Partnership Agreement -CEPA) ခေါ် နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးကြိုးပမ်းလျက်ရှိသည့်အပေါ် သိရှိနိုင်ရေး လေ့လာတင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

The Hindu သတင်းဌာန၊ “India, Bangladesh discuss preparations to start talks for free trade agreement”၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)                                                                                       

 

Category: India (Kolkata)