သမ္မတထရမ့်အစိုးရသည် ဖက်ဒရယ်အစိုးရဝန်ထမ်း (၅၀,၀၀၀)အထိ သက်ရောက်မှုရှိနိုင်သည့် အလုပ်အကိုင်ကာကွယ်ခွင့်ကို ဖယ်ရှားမည့်မူဝါဒသစ်တစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင်အပြီးသတ်ရေးဆွဲခဲ့ပြီး အဆိုပါမူဝါဒသစ်အရ သမ္မတထရမ့် အစိုးရအနေဖြင့် ဖက်ဒရယ်အစိုးရဝန်ထမ်းများကို ဖယ်ရှားခြင်း သို့မဟုတ် စည်းကမ်းလိုက်နာစေရန်လုပ်ဆောင်ခြင်းများ လွယ်ကူစွာလုပ်ဆောင်လာနိုင်မည်ဖြစ်သည်ဟု New York Times အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။ သမ္မတထရမ့်အနေဖြင့် လက်ရှိအချိန်အထိ နိုင်ငံရေးအရခန့်ထားသည့်ရာထူး(၄,၀၀၀)အထိခန့်ထားပြီးဖြစ်သော်လည်း ဖက်ဒရယ်အစိုးရဝန်ထမ်းများကိုမူ ဆန္ဒရှိသကဲ့သို့ အလုပ်ဖြုတ်လျက်ရှိကြောင်း၊ မူဝါဒသစ်အရအစိုးရသည် ယင်းရာထူးအရေအတွက်ကို ပိုမိုတိုးမြှင့်နိုင်ပြီး ဖက်ဒရယ်အစိုးရဝန်ထမ်းများကို မူဝါဒရေးရာနှင့်စပ်လျဉ်းသည့် ရာထူးများတွင် ခန့်ထားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရခန့်ထားသည့်ဝန်ထမ်းများသည် အစိုးရ၏အစီအစဉ်များကို အားပေးပြီး မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်သည့်နေရာများကို တာဝန်ယူရကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဖက်ဒရယ်အစိုးရဝန်ထမ်း (၃၅၂,၀၀၀)ဦးလျှော့ချခဲ့သည်ဟု Office of Personal Management က ထုတ်ပြန်ခဲ့ပြီး မူဝါဒအသစ်သည် အစိုးရက ဖက်ဒရယ်အစိုးရဝန်ထမ်းများလျှော့ချရန် ထပ်မံဆောင်ရွက်သည့် တွန်းအားတစ်ရပ်လည်းဖြစ်ကြောင်း၊ နိုင်ငံရေးအရဘက်လိုက်မှုမရှိသည့် ပြည်သူ့ဝန်ထမ်းများနေရာတွင် သမ္မတ၏အယူအဆနှင့်တူညီသော ဝန်ထမ်းများကို အစားထိုး ခန့်အပ်နိုင်ရန် ဆောင်ရွက်ချက်တစ်ရပ်လည်းဖြစ်ကြောင်း သိရှိရပါသည်။
Source: New York Times
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)