Russia

ရုရှားနှင့် ဘင်္ဂလားဒေ့ရှ်ကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် တက်ကြွစွာဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၁၆.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Alexander Mantytsky က‌ ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ဘက်စုံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် တောင်အာရှတွင် ရုရှား၏ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ရုရှားတို့ကြား ကုန်သွယ်မှုပမာဏသည် လျင်မြန်စွာတိုးတက်လာခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရများနှင့် စီးပွားရေးအသိုင်းအဝိုင်းများ၏ ပူးပေါင်းကြိုးပမ်းမှုများသည် ကုန်သွယ်မှုပမာဏကို အဆမတန်တိုးမြှင့်နိုင်စေခဲ့ ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် လက်ရှိ ကမ္ဘာလုံးဆိုင်ရာအတားအဆီးများရှိနေသော်လည်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂.၇  ဘီလီယံအထိတိုးတက်ခဲ့ကြောင်း Mr. Alexander Mantytsky က‌ ပြောကြားခဲ့သည်။

စွမ်းအင်နှင့်စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးသည် အဓိကနယ်ပယ်များဖြစ်ပြီး ရုရှားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မိတ်ဖက်များနှင့်အတူ အပြန်အလှန်အကျိုးစီးပွားရှိသော နယ်ပယ်များကို ဆက်လက်ချဲ့ထွင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံစီးပွားရေးအသိုင်းအဝိုင်းများကြား တိုက်ရိုက်ဆက်ဆံမှုများထူထောင်ရန်ကြိုးပမ်းသင့်ကြောင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အပြုသဘောဆောင်သော တိုးတက်မှုကိုထိန်းသိမ်းရန် B2B ဆက်ဆံရေးကို အထူးအာရုံစိုက်ရန်လိုအပ်မည်ဖြစ်ကြောင်း ရုရှားသံအမတ်ကြီးက အလေးပေးပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်မှ ရုရှားနိုင်ငံသို့ အဓိကတင်ပို့သောကုန်စည်များမှာ အဝတ်အထည်၊ စိုက်ပျိုးရေးထုတ်ကုန်များသည့် အာလူးနှင့် ပန်းဂေါ်ဖီများဖြစ်ပြီး ရုရှားမှ ဘင်္ဂလားဒေ့ရှ်သို့ အဓိက တင်သွင်းသော ကုန်စည်များမှာ နျူကလီးယားဓာတ်ပေါင်းဖိုဆိုင်ရာ စက်ကိရိယာများ၊ လျှပ်စစ်စက်ပစ္စည်းကိရိယာများ၊ သံသတ္တုများနှင့် ဂျုံများဖြစ်ပါသည်။

Source :    https://tass.ru/ekonomika/20939937

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia