အက်စတိုးနီးယားအစိုးရနှင့် ယူအေအီး-အက်စတိုးနီးယားစီးပွားရေးကောင်စီတို့ပူးပေါင်း၍ ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ ဒစ်ဂျစ်တယ်အဆင့်မြင့်စီးပွားရေးနှစ်ခုကြားတွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဆက်ဆံရေးကို နက်ရှိုင်းစေသည့် ပထမဆုံးသော ဒူဘိုင်း-အက်စတိုးနီးယားစီးပွားရေးနှီးနှောဖလှယ်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ရုံးချုပ်တွင်ကျင်းပသည့် အဆိုပါနှီးနှောဖလှယ်ပွဲအား အက်စတိုးနီးယားနိုင်ငံ၊ တရားမျှတမှုနှင့်ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး H.E. Liisa-Ly Pakosta၊ ဒူဘိုင်း ကုန်သည်ကြီးများအသင်း၏ ဥက္ကဌနှင့်အမှုဆောင်အရာရှိချုပ် H.E. Mohammad Ali Rashed Lootah နှင့် ယူအေအီးနိုင်ငံဆိုင်ရာ အက်စတိုးနီးယားသံအမတ်ကြီး H.E. Maria Belovas တို့တက်ရောက်ခဲ့ကြ ပါသည်။
နှီးနှောဖလှယ်ပွဲ၌ အဆင့်မြင့်နည်းပညာများ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ မော်တော် ယာဉ်၊ စိုက်ပျိုးရေးနည်းပညာ၊ ဆောက်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ရေကြောင်းဆိုင်ရာ စက်မှုလုပ်ငန်းများအပါအဝင် သက်ဆိုင်ရာကဏ္ဍများတစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဓိကထားဆွေးနွေးခဲ့ကြပါသည်။နှီးနှောဖလှယ်ပွဲတွင် ပါဝင်တက်ရောက်ခဲ့ကြသူများသည် ကုန်သွယ်မှုဆက်ဆံရေးခိုင်မာစေရန်၊ ကျွမ်းကျင် မှုများကိုမြှင့်တင်ရန်နှင့် မိတ်ဖက်အသစ်များထူထောင်ရန် အခွင့်အလမ်းများကိုလည်း ရှာဖွေခဲ့ကြပါသည်။
H.E. Liisa-Ly Pakosta က ဒစ်ဂျစ်တယ်တိုးတက်မှုကို မောင်းနှင်ရာတွင် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပြီး အက်စတိုးနီးယားနိုင်ငံ၏ နည်းပညာဆိုင်ရာကျွမ်းကျင်မှုသည် ကဏ္ဍအားလုံးတို့တွင် ဆန်းသစ်တီထွင်မှုကို ပေါင်းစည်းသွားမည့် ယူအေအီးနိုင်ငံ၏ရည်မှန်းချက်နှင့်ကိုက်ညီမှုရှိကြောင်း ပြောကြားခဲ့ပါသည်။ H.E. Mohammad Ali Rashed Lootah က ဒူဘိုင်း၏ ဗျူဟာမြောက်အားသာချက်များဖြင့် ဒေသတွင်းဈေးကွက်ချဲ့ထွင်ရန်နှင့် စျေးကွက်အသစ်များကို ရယူလိုသော အက်စတိုးနီးယားကုမ္ပဏီများအတွက် အချက်အချာကျသည့် နေရာတစ်ခုအဖြစ် အလေးပေးပြောကြားခဲ့ပါသည်။
အဆိုပါနှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှုသည် မြင်သာထင်သာသောရလဒ်များကို ဖော်ပြနေခြင်းဖြစ်ပြီး ဒူဘိုင်းကုန်သည် ကြီးများအသင်းတွင် မှတ်ပုံတင်ထားရှိသည့် အက်စတိုးနီးယားကုမ္ပဏီအရေအတွက်မှာ ၂၀၂၄ ခုနှစ်အတွင်း ၃၇ % မြင့်တက်လာခဲ့ပြီး ၂၀၂၅ နှစ်လယ်တွင် ကုမ္ပဏီ ၉၅ ခုအထိတက်ကြွသောအသင်းဝင်များ ဝင်ရောက်လာခဲ့ပါသည်။ ဒူဘိုင်းနှင့် အက်စ်တိုးနီးယားအကြား ရေနံမဟုတ်သောကုန်သွယ်မှုမှာ ယမန်နှစ်က ၁၀ % တိုးတက်ခဲ့ပြီး AED ၅၄၂.၃ သန်းအထိ ရောက်ရှိလာခဲ့ပါသည်။
အဆိုပါနှီးနှောဖလှယ်ပွဲတွင် ဒူဘိုင်းနှင့် အက်စတိုးနီးယားနှစ်နိုင်ငံစလုံး၌ စီးပွားရေးလုပ်ငန်းများကို ထူထောင်ခြင်းနှင့် လုပ်ငန်းတိုးချဲ့ခြင်း၏ မဟာဗျူဟာအကျိုးအမြတ်များအား ဖော်ထုတ်ပြသသည့်တင်ဆက်မှုများဖြင့် လုပ်ငန်းချိတ်ဆက်ပြီး သာယာဝပြောသည့် အနာဂတ်စီးပွားရေးအတွက် မျှဝေထားသည့်အမြင်ဖြင့် အားဖြည့်ပေးထားကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Dubai Media Office
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)