Singapore

MindForge စီမံကိန်း၏ Phase One ပြီးစီးကြောင်း စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ ကြေညာ

Last Updated:

MindForge စီမံကိန်းသည် ဘဏ္ဍာရေးကဏ္ဍတွင် Generative Artificial Intelligence (GenAI) အသုံးပြုရန်အတွက် ဆုံးရှုံးနိုင်ချေများကို လျှော့ချနိုင်မည့်မူဘောင်ချမှတ်နိုင်ရန် ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့က ၎င်းစီမံကိန်း၏ Phase One ပြီးစီးကြောင်း ကြေညာခဲ့ပါသည်။ အဆိုပါမူဘောင်အသေးစိတ်အချက်အလက်များပါဝင်သည့် စာတမ်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ဝေသွားမည်ဖြစ်ပါသည်။

MindForge စီမံကိန်းကို DBS ဘဏ်၊ OCBC ဘဏ်၊ United Overseas Bank Limited ၊ Standard Chartered ဘဏ်၊ Citi Singapore ၊ HSBC ၊ Google Cloud၊ Microsoft ၊ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၊ Accenture နှင့်စင်ကာပူဘဏ်များအသင်းတို့ပါဝင်သည့် လုပ်ငန်းအစုအဖွဲ့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယင်းစီမံကိန်းသည် ဘဏ္ဍာရေးကဏ္ဍအတွက် GenAI ၏အခွင့်အလမ်းများနှင့် ဆုံးရှုံးနိုင်ချေရှိမှုတို့ကို လေ့လာသည့် စီမံကိန်းဖြစ်ပြီး ဆုံးရှုံးနိုင်ချေများကို စီမံခန့်ခွဲမှုတိုးတက်စေရန်၊ ငွေကြေးလုပ်ငန်းနှင့်သက်ဆိုင်သည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် GenAI ဖြစ်စေရန်၊ ငွေကြေးလုပ်ငန်းတွင် GenAI ကို တာဝန်ယူမှုရှိစွာ အသုံးပြုနိုင်ရန်အတွက် ရှင်းလင်းတိကျသည့်မူဘောင် ပေါ်ထွက်လာစေရေးရည်ရွယ်ပါသည်။

GenAI သည် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများကို ပိုမိုစွမ်းဆောင်ရည်ကောင်းမွန်စေခြင်း၊ ငွေကြေးဝန်ဆောင်မှုရယူကြသည့်သူ တစ်ဦးတစ်ယောက်ချင်းစီ၏ အတွေ့အကြုံများကို သိရှိစေခြင်း၊ ငွေကြေးဝန်ဆောင်မှုပုံစံများအတွက် အကြံဉာဏ်များပေးခြင်းစသည်တို့တွင် အကူအညီဖြစ်စေသော်လည်း ဆိုက်ဘာပြစ်မှု၊ မူပိုင်ခွင့်ချိုးဖောက်မှု၊ စာရင်းအချက်အလက်များဆုံးရှုံးနိုင်မှု စသည့်ဆုံးရှုံးနိုင်ချေရှိသည့် အခြေအနေများလည်းရှိနေပါသည်။

စီမံကိန်း၏ Phase One တွင် တာဝန်ခံမှုနှင့်စီမံအုပ်ချုပ်မှု၊ စောင့်ကြည့်ခြင်းနှင့် တည်ငြိမ်မှုရှိစေခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် ရှင်းလင်းနိုင်မှု၊ တရားမျှတမှုနှင့်ဘက်လိုက်မှုများ၊ ဥပဒေမူဘောင်၊ ကျင့်ဝတ်နှင့် သက်ရောက်မှုများ၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်လုံခြုံရေး စသည့်နယ်ပယ် ၇ ခုပါဝင်သည့် GenAI Risk Framework ကို သတ်မှတ်နိုင်ခဲ့ပါသည်။ လုပ်ငန်းအစုအဖွဲ့က GenAI နှင့် အခြား AI နည်းပညာများကြောင့် အကျိုးခံစားနေသည့် လုပ်ငန်းများကိုလည်း လေ့လာသွားမည်ဖြစ်ပါသည်။

စီမံကိန်း၏လုပ်ငန်းအစုအဖွဲ့အနေဖြင့် အာမခံနှင့် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုလုပ်ငန်းများမှ ငွေကြေးအဖွဲ့အစည်းများပါဝင်လာနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေးစသည်တို့တွင် GenAI ကိုအသုံးပြုနိုင်ရေး စမ်းသပ်မှုများဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရင်းမြစ်။        Monetary Authority of Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore