Japan

ငွေကြေးဖောင်းပွမှုကြောင့် စားသုံးသူများ၏ ဝယ်လိုအားကျဆင်းခဲ့သည့်အတွက် ၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ်တွင် ဂျပန်နိုင်ငံ၏ GDP ကျဆင်းခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက တတိယသုံးလပတ်ကာလဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၂.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့က ၁၅-၁၁-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကနဦးထုတ်ပြန်ချက်များအရ သိရှိရကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် Nikkei Group Company ဖြစ်သည့် QUICK က ကောက်ယူထားသည့်စစ်တမ်းအရ တတိယသုံးလပတ်အတွက် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀.၆ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ခန့်မှန်းထားခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ပထမသုံးလပတ်ကာလတွင် ၃.၇ ရာခိုင်နှုန်း၊ ဒုတိယသုံးလပတ်ကာလတွင် ၄.၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဒုတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက တတိယသုံးလပတ်ကာလအတွင်း ပုဂ္ဂလိက၏သုံးစွဲနိုင်စွမ်းမှာ ၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ လုပ်ငန်းအဖွဲ့အစည်းများ၏ရင်းနှီးမြှုပ်နှံမှုမှာ ၂.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ယခုတတိယသုံးလပတ်ကာလတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကျဆင်းခဲ့ရခြင်းမှာ ယခင်လများအတွင်း ငွေကြေးဖောင်းပွမှုမြင့်တက်ခဲ့ခြင်းကြောင့် ပုဂ္ဂလိကသုံးစွဲနိုင်စွမ်းကျဆင်းခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း၊  လတ်ဆတ်သည့်အစားအစာများ၏ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ငွေကြေးဖောင်းပွမှုနှုန်းမှာ စက်တင်ဘာလတွင် ၂.၈ ရာခိုင်နှုန်းသို့ကျဆင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လုပ်ခလစာမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂.၄ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ဖော်ပြထားပါသည်။

ပုဂ္ဂလိကလုပ်ငန်းများ၏ထုတ်လုပ်နိုင်မှုမှာလည်း ဒုတိယသုံးလပတ်ကာလနှင့်နှိုင်းယှဉ်ပါက တတိယသုံးလပတ်ကာလတွင် ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စီးပွားရေးနှေးကွေးမှုဖြစ်ပေါ်စေခဲ့ကြောင်း၊ အထူးသဖြင့် မော်တော်ယာဉ်ထုတ်လုပ်မှုကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ဒုတိယသုံးလပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၀.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ သွင်းကုန်မှာ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ထိုသို့သွင်းကုန်မြင့်တက်ခဲ့မှုကြောင့် အသားတင်တင်ပို့မှုကိုကျဆင်းစေခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးစေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံသည် သွင်းကုန်အပေါ် အဓိကမှီခိုအားထားနေရသည့်နိုင်ငံဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအကြား ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် သွင်းကုန်ဈေးနှုန်းများမြင့်တက်ခဲ့မှုသည် နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုများဆက်တိုက်မြင့်တက်စေခဲ့ပြီး ယန်းငွေတန်ဖိုးကျဆင်းမှုများဖြစ်ပေါ်စေကာ ဂျပန်နိုင်ငံ၏စီးပွားရေးအပေါ် များစွာသက်ရောက်မှုများဖြစ်ပေါ်စေလျက်ရှိပါသည်။

ကမ္ဘာ့ဘဏ္ဍာရေးနှင့် အရင်းအနှီးဈေးကွက်အခြေအနေ၊ ပြည်ပနိုင်ငံများ အထူးသဖြင့် ဂျပန်နိုင်ငံ၏ အဓိကမိတ်ဖက်ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးအခြေအနေနှင့် ငွေကြေးတန်ဖိုးအခြေအနေဆိုင်ရာ အပြောင်းအလဲများသည် ဂျပန်နိုင်ငံ၏စီးပွားရေးလုပ်ငန်းများအပေါ် များစွာသက်ရောက်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ပြည်ပနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးလာသည်နှင့်အမျှ ဝယ်လိုအားကျဆင်းလာမှုကြောင့် ဂျပန်နိုင်ငံ၏ ထုတ်လုပ်မှုနှင့်ပို့ကုန်တင်ပို့နိုင်မှုများ ကျဆင်းစေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုများဖြစ်ပေါ်စေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Nikkei Asia (၁၅-၁၁-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan