U. A. E

ကမ္ဘာ့ရေနံဈေးနှုန်းများကျဆင်းနေချိန်တွင် ဒီဇင်ဘာလ၏ စက်သုံးဆီဈေးနှုန်းများကို ယူအေအီးနိုင်ငံမှ ကြေညာမည်

Last Updated:

ယူအေအီးနိုင်ငံတွင် ပြည်တွင်းစက်သုံးဆီနှင့် ဒီဇယ်ဈေးများ လေးလဆက်တိုက်မြင့်တက်ပြီးနောက် ယူအေအီးနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းကော်မတီသည် နိုဝင်ဘာလအတွင်း တစ်လီတာလျှင် ၄၁ Fil(1 AED = 100 FIL) လျှော့ချခဲ့ပြီး ယခုကမ္ဘာ့စက်သုံးဆီစျေးနှုန်းများကျဆင်းနေချိန်တွင် လက်လီရောင်းချသည့်ဆိုင်များအတွက် ဒီဇင်ဘာလ၏ဓာတ်ဆီနှင့်ဒီဇယ်ဈေးနှုန်းများကို ဒီဇင်ဘာလ၏ပထမရက်တွင် စတင်ကြေညာရန်စီစဉ်ထားပါ သည်။

ယူအေအီးနိုင်ငံတွင် ပြည်တွင်းစက်သုံးဆီနှင့် ဒီဇယ်ဈေးများလေးလဆက်တိုက်မြင့်တက်ပြီးနောက် နိုဝင်ဘာလအတွင်းက ယူအေအီးနိုင်ငံတွင် တစ်လီတာလျှင် ၄၁ Fil(1 AED = 100 FIL) လျှော့ချခဲ့ရာ Super 98 စျေးနှုန်းမှာ ၁၁.၉ ရာခိုင်နှုန်း AED ၃.၀၃ သို့လျော့ကျခဲ့ပါသည်။ Special 95 ဈေးနှုန်းမှာ ၁၂.၃ ရာခိုင်နှုန်း AED ၂.၉၂ သို့လျော့ကျခဲ့ပါသည်။ E-plus 91 စျေးနှုန်းမှာ၁၂.၅၇ ရာခိုင်နှုန်း AED ၂.၈၅ သို့လျော့ကျခဲ့ပါသည်။ ဒီဇယ်ဈေးနှုန်းကိုမူ တစ်လီတာလျှင် ၁၅ FIL လျှော့ချခဲ့ပြီး AED ၃.၄၂ သို့ လျော့ကျသွားခဲ့ပါသည်။

ယူအေအီးနိုင်ငံမှ ရေနံစျေးနှုန်းများကို ၂၀၁၅ ခုနှစ်တွင် ကန့်သတ်လိုက်ပြီးနောက်၊ ဒေသတွင်းလက်လီရောင်းချသော ဓာတ်ဆီစျေးနှုန်းများကို ကမ္ဘာ့နှုန်းထားများနှင့်လိုက်လျောညီထွေဖြစ်စေရန် လစဉ်လကုန်တိုင်းတွင် ပြန်လည်ပြင်ဆင်သတ်မှတ်၍ ရောင်းချစေပါသည်။ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေးကွေးခြင်း၊ အထူးသဖြင့် တရုတ်နိုင်ငံတွင် အိုပက်နိုင်ငံများမှမဟုတ်သော ရေနံထောက်ပံ့မှုများ အားကောင်းလာခြင်းတို့ကြောင့် နိုဝင်ဘာလအလယ်တွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၇၅ ဒေါ်လာအောက်သို့ကျဆင်းခဲ့ပြီး နိုဝင်ဘာလအတွင်းက ကမ္ဘာ့ရေနံစျေးနှုန်းသည် အဆိုပါဖိအားများအောက်တွင် ဆက်လက်တည်ရှိနေခဲ့ပါသည်။

WTI ရေနံစိမ်းမှာ နိုဝင်ဘာ ၂၉ ရက်တွင် တစ်စည်လျှင် ၇၆ ဒသမ ၅ ဒေါ်လာဖြင့် အရောင်းအဝယ်များဖြစ်ခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နှင့်နှိုင်းယှဉ်ပါက ခုနစ်ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ပါသည်။ Brent ရေနံစိမ်းသည် ယခင်လတွင် ၅ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း နိုဝင်ဘာ ၂၉ ရက်တွင် တစ်စည်လျှင် ၈၆ ဒသမ ၃၅ ဒေါ်လာဖြင့် အရောင်းအဝယ်များဖြစ်ခဲ့ပါသည်။

သို့သော်လည်း အိုပက်နိုင်ငံများ+ ရေနံဈေးကွက်တိုးချဲ့မှုများ သို့မဟုတ် ထောက်ပံ့ရေးဖြတ်တောက်မှုပိုမိုကြီးမားလာခြင်းတို့ကြောင့် ကမ္ဘာ့ရေနံဈေးသည် အင်္ဂါနေ့တွင် နှစ်ရာခိုင်နှုန်းပြန်လည်ကောင်းမွန်လာခဲ့ကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ယူအေအီးနိုင်ငံကဲ့သို့ ကြွယ်ဝသောနိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများမှာ ဝယ်ယူသူများအတွက် ဈေးနှုန်းများများစားစားပြောင်းလဲမှုမရှိပါက သာမန်ဝယ်ယူသုံးစွဲကြသူများ အခက်အခဲမဖြစ်စေဘဲ စက်သုံးဆီဈေးနှုန်းအနည်းငယ်ကြီးမြှင့်လာပါကလည်း အစိုးရမှနိုင်ငံသားများအတွက် စက်သုံးဆီထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အဓိကရေနံကြောင့်ကြွယ်ဝလာသောနိုင်ငံဖြစ်သော်လည်း အခြားတစ်ဘက်တွင် စွမ်းအင်သုံးစွဲမှုနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ သဘာဝဂေဟစနစ်ကို အထောက်အကူဖြစ်စေမည့် စီးပွားရေးလုပ်ငန်းများအပါအဝင် မြစိမ်းရောင်စီမံကိန်းများကိုပါ စီမံဆောင်ရွက်လျက်ရှိကာ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် စွမ်းအင်သုံးစွဲရာတွင် ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်များအပေါ် အခြေခံသည့်ယာဉ်များအား ပြည်သူလူထုမှ စိတ်ပါဝင်စားစေရန်အတွက် အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း တွေ့ရှိရပါသည်။

Source: khaeejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E