Singapore

ဓာတ်မြေဩဇာထောက်ပံ့ပေးရန် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီက ရူပီး ၁၄ ထရီလီယံအဆိုပြု

Last Updated:

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီက ဆန်ထုတ်လုပ်မှုတိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် ဓာတ်မြေဩဇာထောက်ပံ့ပေးရန် ရူပီး ၁၄ ထရီလီယံ(စင်ကာပူဒေါ်လာ ၁.၂ ဘီလီယံ)ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် အဆိုပြုခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် အယ်နီညိုကြောင့် မိုးခေါင်ရေရှားဖြစ်ခဲ့ကာ အင်ဒိုနီးရှားနိုင်ငံ၏ဆန်ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်ကထက် ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ နိုင်ငံ၏မိုးလေဝသအေဂျင်စီ BMKG က အယ်နီညိုမှာ ၂၀၂၄ ခုနှစ် အစောပိုင်းအထိ ဆက်လက်ရှိနေမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလခန့်တွင် အယ်နီညိုပြီးဆုံးမည်ဟု ခန့်မှန်းထားပါသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဇန်နဝါရီလတွင် စပါးစိုက်ဧရိယာပေါင်း ဟက်တာ ၁.၇ သန်းနှင့် ဖေဖော်ဝါရီလတွင် ဟက်တာ ၁.၄ သန်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အဆိုပါကာလများအတွက် ဓာတ်မြေဩဇာတန်ချိန် ၁.၇ သန်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာကို ထောက်ပံ့ရန် ထပ်တိုးဘတ်ဂျက် ရူပီး ၁၄ ထရီလီယံအဆိုပြုရန် စိုက်ပျိုးရေးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးကို ပြောကြားထားပြီးဖြစ်ကြောင်း သမ္မတဂျိုကိုဝီက ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဓာတ်မြေဩဇာတန်ချိန် ၆.၁ သန်းအတွက် ရူပီး ၄၂.၁ ထရီလီယံကို ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၄ ခုနှစ်ဘတ်ဂျက်တွင် ဓာတ်မြေဩဇာထောက်ပံ့မှုအတွက် ရူပီး ၂၆.၆၈ ထရီလီယံ ခွဲဝေသတ်မှတ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဆန်ထုတ်လုပ်မှုတန်ချိန် ၃၀.၉ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၃၂ သန်းအထိ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ရန်မျှော်မှန်းထားပါသည်။

ဓာတ်မြေဩဇာထောက်ပံ့ပေးမှုသည် စိုက်ပျိုးသူများ၏ထုတ်လုပ်မှုကုန်ကျစရိတ်ကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ထုတ်လုပ်မှုမြှင့်တင်ရန်ရည်ရွယ်ပါက အစိုးရများအနေဖြင့်  ထောက်ပံ့မှုနည်းလမ်းတစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားသင့်သည့် နည်းလမ်းဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore