U. A. E

တစ်ခါသုံးပလတ်စတစ်အိတ်များအားတားမြစ်ချက်ကို ဖောက်ဖျက်သည့်အတွက် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ဒဏ်ငွေ AED ၂,၀၀၀ အထိချမှတ်မည်

Last Updated:

တစ်ခါသုံးပလတ်စတစ်အိတ်များအားတားမြစ်ချက်သည် ပတ်ဝန်းကျင်ညစ်ညမ်းမှုမှ ကာကွယ်ရန်ရည်ရွယ်ထားပြီး၊ ပလတ်စတစ်သုံးစွဲမှုကို ကန့်သတ်ရန်နှင့် ပြည်ထောင်စုအဆင့်တွင် ၎င်းပလတ်စတစ်အိတ်များအသုံးပြုမှုကိုထိန်းညှိရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဒူဘိုင်းတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ တစ်ခါသုံးပလတ်စတစ်သုံးစွဲမှုတားမြစ်ချက်ကို ကြေညာခဲ့ပြီး ချိုးဖောက်မှုအတွက်အမြင့်ဆုံးဒဏ်ငွေ AED ၂၀၀၀ အထိချမှတ်နိုင်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါကြေညာချက်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တစ်ခါသုံးပလတ်စတစ်သုံးစွဲမှုတားမြစ်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်သည့် ကြေညာချက်အပြီးတွင် ထွက်ပေါ် လာခြင်းဖြစ်သည်။

အဆိုပါတားမြစ်ချက်သည် ပတ်ဝန်းကျင်ညစ်ညမ်းမှုမှ ကာကွယ်ရန်၊ ပလတ်စတစ်သုံးစွဲမှုကို ကန့်သတ်ရန်နှင့်ဗဟိုအစိုးရအဆင့်တွင် ၎င်းပလတ်စတစ်အိတ်များအသုံးပြုမှုကို ထိန်းချုပ်ရန်ရည်ရွယ်ထားခြင်းဖြစ်ပြီး ယူအေအီးအစိုးရမှ တစ်ခါသုံးပလတ်စတစ်အိတ်များကို အသုံးပြုသည့်စားသုံးသူများအပေါ် ၂၅ Fils သို့မဟုတ် ၀.၂၅ AED  ကို အခွန်စည်းကြပ်ရန် ကြေညာခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံတွင်းရှိ လက်လီရောင်းချသူအများစုသည် ၎င်းတို့၏ကုန်ပစ္စည်းများကို တစ်ခါသုံးပလတ်စတစ်အိတ်များဖြင့် သယ်ဆောင်ရန်ရွေးချယ်သော ဈေးဝယ်သူများအပေါ် အဆိုပါအခွန်ကိုစည်းကြပ်ထားရှိပြီးဖြစ်ပါသည်။ ဒူဘိုင်းပြည်နယ်သည် ဇူလိုင်လ ၁ ရက်နေ့တွင် ၎င်းအခွန်စည်းကြပ်မှုကို စတင်အကောင်အထည်ဖော်ခဲ့ပြီး Sharjah ပြည်နယ်သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပါသည်။ Umm Al Quwain နှင့် Ajman ပြည်နယ်တို့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ တစ်ခါသုံးပလတ်စတစ်များကို တားမြစ်ခဲ့ပြီး Ras Al Khaimah ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်တားမြစ်ခဲ့ပါသည်။

Abu Dhabi မြို့တော်တွင် တစ်ခါသုံးပလတ်စတစ်စောင်ရေကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်တားမြစ်ခဲ့ပြီး တစ်ခါသုံးဖော့ဘူး(Styrofoam)ထုတ်ကုန်များကို တားမြစ်ခြင်းမှာလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ပါသည်။ ယင်းတားမြစ်ချက် ပထမနှစ်အတွင်း တစ်ရက်လျှင် တစ်ခါသုံးပလတ်စတစ်အိတ်ပေါင်း ၄၅၀,၀၀၀ ကို ကာကွယ်ပေးနိုင်ခဲ့ကြောင်း အဘူဒါဘီ Environment Agency မှ သိရှိရကြောင်းကို အဆိုပါသတင်းဌာနမှဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ယူအေအီးနိုင်ငံတွင် ကုန်ပစ္စည်းဝယ်ယူသူများသည် ပြန်လည်သုံးနိုင်သောအိတ်များကို အသုံးပြုရန် သို့မဟုတ် ပလတ်စတစ်အိတ်တစ်ခုစီအတွက် အခကြေးငွေအနည်းငယ်ပေးဆောင်ရန် အစိုးရမှ တိုက်တွန်းဆောင်ရွက်လျက်ရှိပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်နှင့် ပြန်လည်အသုံးပြုခြင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကိုမြှင့်တင်ရန်အတွက် အသိပညာပေးလှုံ့ဆော်မှုများ၊ ပညာပေးအစီအစဉ်များနှင့် အများသူငှာနေရာများတွင် ပြန်လည်အသုံးပြုနိုင်သည့်အမှိုက်ပုံးများကို ထားရှိအသုံးပြုစေခြင်းစသည်တို့ကို ဆောင်ရွက်ထားရှိပါသည်။

ကုန်စည်များကို ထုပ်ပိုးခြင်းအတွက် အစားထိုးပစ္စည်းများကိုစူးစမ်းလေ့လာရန်နှင့် သဘာဝပတ်ဝန်းကျင်အတွက် သဟဇာတရှိသောရွေးချယ်စရာများကို အများပြည်သူမှ အာရုံစိုက်အသုံးပြုစေရန်ကိုလည်း တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ရေရှည်တည်တံ့သောအလေ့အကျင့်များကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ကြောင်းကိုလည်း တင်ပြလိုက်ရပါသည်။

Source: Khaleej Times

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E