Singapore

စင်ကာပူနိုင်ငံ၏ ဂျီဒီပီမှာ ၂၀၂၃ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် ၂.၈ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်အတွက် ၁.၂ ရာခိုင်နှုန်းတိုးတက်လာ

Last Updated:

၂၀၂၃ ခုနှစ်၊‌ အောက်တိုဘာလနှင့်နိုဝင်ဘာလ၏ အချက်အလက်များကို အခြေခံ၍ တွက်ချက်မှုအရ စင်ကာပူနိုင်ငံ၏ဂျီဒီပီမှာ နှစ်အလိုက်တွက်ချက်မှုအရ ၂၀၂၃ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် ၂.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၃ လပတ်အလိုက်တွက်ချက်မှုအရ ၁.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအတွက် ဂျီဒီပီ ၁.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ကဏ္ဍအလိုက်ကြည့်ပါက ကဏ္ဍပေါင်းစုံတွင် ထုတ်လုပ်မှုတိုးတက်လာခြင်းကြောင့် ထုတ်လုပ်မှုကဏ္ဍတွင် ၃.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ဆောက်လုပ်ရေးကဏ္ဍတွင် အစိုးရကဏ္ဍသာမက ပုဂ္ဂလိကကဏ္ဍတို့ကပါ ဆောက်လုပ်ရေးလုပ်ငန်းများတည်ဆောက်မှုတိုးတက်လာသည့်အတွက် တတိယ ၃ လ ပတ်တွင် ၆.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ရာမှ စတုတ္ထ ၃ လပတ်တွင် ၉.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ဝန်ဆောင်မှုကဏ္ဍများအနက် လက်လီလက်ကားကုန်သွယ်မှု၊ ပို့ဆောင်ရေးနှင့် သိုလှောင်ရေးကဏ္ဍတို့တွင် တတိယ ၃ လပတ်၌ ၁.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ရာမှ စတုတ္ထ ၃ လပတ်တွင် ၁.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍ၊ ငွေကြေးနှင့်အာမခံလုပ်ငန်း၊ ပညာရပ်ပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် တတိယ ၃ လပတ်၌ ၂.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ရာမှ စတုတ္ထ ၃ လပတ်တွင် ၃.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ထိုသို့တိုးတက်လာခြင်းမှာ အိုင်တီနှင့်သတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍတွင် တိုးတက်လာခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာဝန်ဆောင်မှု၊ သိပ္ပံနှင့်နည်းပညာဝန်ဆောင်မှုအပိုင်းတို့တွင် တိုးတက်လာခြင်း၊ ‌ငွေပေးချေမှုလုပ်ငန်းစဉ်များအပါအဝင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာခြင်းစသည်တို့ကြောင့်ဖြစ်ပါသည်။

တည်းခိုနေရာထိုင်ခင်း၊ အစားအသောက်ဝန်ဆောင်မှု၊ အိမ်ယာအဆောက်အအုံဝန်ဆောင်မှု၊ စီမံအုပ်ချုပ်မှုနှင့် အထောက်အကူပြုဝန်ဆောင်မှု၊ အခြားသောဝန်ဆောင်မှုများ စသည့်ဝန်ဆောင်မှုလုပ်ငန်းများတွင် တတိယ ၃ လပတ်၌ ၃.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ရာမှ စတုတ္ထ ၃ လပတ်တွင် ၂.၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ထိုသို့တိုးတက်လာခြင်းမှာ အဓိကအားဖြင့် ခရီးသွားဧည့်သည်များဝင်ရောက်မှု ပြန်လည်တိုးတက်လာခြင်းကြောင့်ဖြစ်ပါသည်။

ရင်းမြစ်။        Ministry of Trade and Industry

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore