U. A. E

ယူအေအီးနိုင်ငံသည် စွန့်ဦးတီထွင်မှုလုပ်ငန်းများတွင် ကမ္ဘာလုံးဆိုင်ရာ ပထမအဆင့်သို့ လေးနှစ်ဆက်တိုက် ရောက်ရှိခဲ့

Last Updated:

ယူအေအီးနိုင်ငံသည် ၎င်း၏အဆင့်ကို ကမ္ဘာ့ထိပ်တန်းစွန့်ဦးတီထွင်မှုလုပ်ငန်းများ၏ဗဟိုချက်အဖြစ် ထပ်မံရရှိခဲ့ပြီး၊ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်မှုလုပ်ငန်းများစောင့်ကြည့်ရေး(GEM)အစီရင်ခံစာ ၂၀၂၄/ ၂၀၂၅ ခုနှစ်တွင် လေးနှစ်ဆက်တိုက် ထိပ်ဆုံးမှရပ်တည် လျက်ရှိပါသည်။

အကဲဖြတ်ထားသောစီးပွားရေးကဏ္ဍနိုင်ငံပေါင်း ၅၆ နိုင်ငံအနက်ယူအေအီးနိုင်ငံသည် စွန့်ဦးတီထွင်မှုနှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)အတွက် အကောင်းဆုံးနေရာအဖြစ် အဆင့်ရရှိထားပါသည်။

ယူအေအီးနိုင်ငံသည် ဝင်ငွေမြင့်မားသောနိုင်ငံများ၏ အဓိကညွှန်းကိန်း ၁၃ ခုအနက် ၁၁ ခုအဖြစ် ရောက်ရှိထားပြီး စွန့်ဦးတီထွင်ဘဏ္ဍာရေး၊ စျေးကွက်ဝင်ရောက်ရလွယ်ကူမှု၊ အစိုးရမူဝါဒများ၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးလွှဲပြောင်းမှုနှင့် စွန့်ဦးတီထွင်မှုပညာပေးကဲ့သို့သော နယ်ပယ်ကဏ္ဍများတွင် ထူးချွန်ကြောင်း ဖော်ပြထားပါသည်။

ဤအောင်မြင်မှုသည် ယူအေအီးနိုင်ငံ၏ အမြော်အမြင်ရှိသော ခေါင်းဆောင်မှုနှင့် Start-Ups လုပ်ငန်းများနှင့် SMEs လုပ်ငန်းများတို့အတွက်ပေါင်းစပ်ဂေဟစနစ်တစ်ရပ်ကိုပျိုးထောင်သွားမည့် ၎င်း၏ကတိကဝတ်ကြောင့်ဖြစ်ကြောင်း စွန့်ဦးတီထွင်မှုလုပ်ငန်းများ‌ ရေးရာဝန်ကြီး Alia bint Abdullah Al Mazrouei ကပြောကြားခဲ့ပြီး "We the UAE 2031" ရည်မှန်းချက်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်မှုဗဟိုချက်အဖြစ်ရပ်တည်ရာတွင် နိုင်ငံ၏မဟာဗျူဟာမြောက်ကြိုးပမ်းအားထုတ်မှုများကို အလေးပေးဖော်ပြခဲ့ပါ သည်။

အဆိုပါအစီရင်ခံစာသည် စီးပွားရေးနှင့်လိုက်ဖက်သောမူဝါဒများ၊ ခိုင်မာသောအစိုးရအစပြုမှုများနှင့် ယှဉ်ပြိုင်နိုင်သောရင်းနှီးမြုပ်နှံမှုအခြေအနေများအတွက် ယူအေအီးနိုင်ငံ၏အောင်မြင်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်ထားပါသည်။ အဓိကအချက်များမှာ ပဏာမစီမံကိန်း ၅၀ ခုတို့မှတစ်ဆင့် SME တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံ၊ ကုမ္ပဏီများ၏ ၁၀၀ % နိုင်ငံခြားပိုင်ဆိုင်ခွင့်နှင့် ၂၀၂၃ ခုနှစ်တွင် စံချိန်တင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအဆင့်များ စသည်တို့ပါဝင်ပါသည်။

ယူအေအီးနိုင်ငံ၏ စွန့်ဦးတီထွင်မှုအစဉ်အလာမှာလည်းထင်ရှားပြီး အရွယ်ရောက်ပြီးသူ ၆၇ % သည် စွန့်ဦးတီထွင်မှုအခွင့်အလမ်းများကိုသိရှိလာကြပြီး ယူအေအီးနိုင်ငံသားများ၏ ၇၀ % သည် ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းတစ်ခုစတင်မည့်အလားအလာကောင်းများကို မြင်တွေ့လျက်ရှိပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းအသစ်များ၏ ၈၀ % သည် ဒစ်ဂျစ်တယ်နည်းပညာများကိုပေါင်းစပ်ရန် စီစဉ်လျက်ရှိပြီး ၅၅ % သည် နိုင်ငံတကာဈေးကွက်များကို ဝန်ဆောင်မှုပေးနေပြီဖြစ်ပါသည်။

ယူအေအီးနိုင်ငံသည် ၎င်း၏အဆင့်အတန်းကိုပိုမိုခိုင်မာစေခဲ့ကာ GEM ၏ အမျိုးသားစွန့်ဦးတီထွင်မှု လုပ်ငန်းများဆိုင်ရာဆက်စပ်အညွှန်းကိန်း(NECI)၌ ကမ္ဘာတစ်ဝှမ်းတွင် ပထမအဆင့်ရပ်တည်လျက်ရှိပြီး ၂၀၃၁ ခုနှစ်တွင် SMEs လုပ်ငန်းပေါင်းတစ်သန်းသို့ရောက်ရှိစေမည့် ၎င်းတို့၏ရည်မှန်းချက်ကို အားဖြည့်ပေးလျက်ရှိကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E