Japan

ဂျပန်နိုင်ငံ၏ လစာနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျဆင်းခဲ့

Last Updated:

လွန်ခဲ့သော ၂ လတာအတွင်း လစာနှုန်းထားများမြင့်တက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် လစာနှုန်းထားများ ပြန်လည်ကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၌ နှစ်စဉ်နွေရာသီတွင် ပြုလုပ်လေ့ရှိသော လစာဆိုင်ရာ ကြိုတင်ညှိနှိုင်းအစည်းအဝေးများမပြုလုပ်မီ ရက်ပိုင်းအလို၌ ထိုသို့ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ၁၀-၃-၂၀၂၅ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan’s real wages drop in January, spring pay talks in focus” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အခြေခံလစာတိုးမြှင့်မှုမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည့်အပြင် အချိန်ပိုကြေးများမှာ များပြားလာခဲ့သည့်အတွက် လစာနှုန်းထားများမှာမြင့်တက်ခဲ့ကြောင်း၊ ထိုသို့လစာမြင့်တက်ခဲ့မှုကြောင့် ဝယ်ယူသုံးစွဲမှုကိုမြင့်တက်စေပြီး စီးပွားရေးဖွံဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ဖြစ်စေခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် ကျင်းပမည့် မူဝါဒဆိုင်ရာ သုံးသပ်ချက်အစည်းအဝေးတွင် ဂျပန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကိုပြောင်းလဲမှုမရှိဘဲ ဆက်လက်ထိန်းသိမ်းထားရန် မျှော်လင့်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားသည့် ဂျပန်နိုင်ငံ၏လစာနှုန်းထားမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၁.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊  ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ၁.၅ ရာခိုင်နှုန်းနှင့် ဒီဇင်ဘာလတွင် ၀.၃ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

လတ်ဆတ်သည့် အစားအစာများကို ထည့်သွင်းတွက်ချက်ထားသော ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။ အခြေခံလစာမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၃.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ၁၉၉၂ ခုနှစ်မှစတင်၍ အများဆုံးမြင့်တက်ခဲ့ကြောင်း၊  အချိန်ပိုကြေးမှာလည်း ၃.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အထူးချီးမြှင့်ငွေပေးအပ်မှုမှာမူ ၃.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ စုစုပေါင်းဝင်ငွေရရှိမှုပမာဏမှာ ၂.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ပျမ်းမျှအားဖြင့် ၂၉၅,၅၀၅ ယန်း(အမေရိကန်ဒေါ်လာ ၂,၀၀၄ ဒေါ်လာ)ရှိခဲ့ကြောင်း၊ စုစုပေါင်းဝင်ငွေရရှိမှုမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာမှ  အထူးချီးမြှင့်ငွေရရှိမှုကျဆင်းခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စုစုပေါင်းဝင်ငွေရရှိမှု ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏အကြီးဆုံးအလုပ်သမားသမဂ္ဂအဖွဲ့အနေဖြင့် ပျမ်းမျှလစာနှုန်းထားတိုးမြှင့်မှုနှုန်းကို ၆.၀၉ ရာခိုင်နှုန်းတိုးမြှင့်ပေးရန် တောင်းဆိုလျက်ရှိကြောင်းနှင့် အဆိုပါတောင်းဆိုမှုမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အများဆုံးဖြစ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံတွင် အလုပ် သမားသမဂ္ဂနှင့် အစိုးရအကြား လစာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မတ်လလယ်တွင် ကျင်းပလေ့ရှိပြီး၊ အဆိုပါအစည်းအဝေးရလဒ်အရ သတ်မှတ်မည့်လစာနှုန်းထားများသည် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်မဟုတ်သည့် အလုပ်သမားများနှင့် အသေးစားလုပ်ငန်းများအတွက် စံလစာနှုန်းထားအဖြစ် သတ်မှတ်လေ့ရှိကြောင်း၊ ဆွေးနွေးမှုရလဒ်များအရ ထွက်ပေါ်လာသည့် လစာနှုန်းများကို ဧပြီလနှင့်ဧပြီလနောက်ပိုင်းတွင် အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်လေ့ရှိကြောင်း ဖော်ပြထားပါသည်။       

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan