အမေရိကန်သမ္မတအနေဖြင့် အမေရိကန်နိုင်ငံသို့ တင်သွင်းလာမည့် ကုန်စည်များအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံမည်ကို စိုးရိမ်လျက်ရှိခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံ၏ ပို့ကုန်မှာ ၁၁.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ သွင်းကုန်မှာ ၀.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကာ ကုန်သွယ်မှုပိုငွေဖြစ်ပေါ်ခဲ့ကြောင်း ၁၉-၃-၂၀၂၅ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Japan exports surge in February, leaving a trade surplus as worries persist over tariffs” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၌ ပို့ကုန်မြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကုန်သွယ်မှုပိုငွေ ယန်း ၅၈၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ)ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလတွင် ဂျပန်နိုင်ငံ၌ ကုန်သွယ်မှုလိုငွေ ယန်း ၄၁၅ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပို့ကုန်တင်ပို့မှုမြင့်တက်မှုနှုန်းမှာ ဇန်နဝါရီလတွင် မြင့်တက်ခဲ့သည့် ၇ ရာခိုင်နှုန်းကိုပင် ကျော်လွန်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ပို့ကုန်တင်ပို့မှုပမာဏမှာ ယန်း ၉.၁၉ ထရီလီယံ(အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံ)နှင့် သွင်းကုန်မှာ ယန်း ၈.၆၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၅၇ ဘီလီယံ)ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျပန်နိုင်ငံ၏သွင်းကုန်မှာ ၁၇ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံမှ အကောက်ခွန်စတင်ကောက်ခံခြင်းမပြုမီ အလျင်အမြန်တင်ပို့လျက်ရှိသည့်အတွက် ဂျပန်နိုင်ငံ၏ပို့ကုန်တင်ပို့မှုပမာဏမှာ မြင့်တက်လျက်ရှိကြောင်း၊ သံနှင့်အလူမီနီယံအပေါ် အမေရိကန်နိုင်ငံအနေဖြင့် စတင်၍ အကောက်ခွန်တိုးမြှင့်ကောက်ခံလျက်ရှိသော်လည်း ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် ကြီးမားသည့်ခြိမ်းခြောက်မှုများဖြစ်ပေါ်စေမည့် မော်တော်ယာဉ်များအပေါ် အကောက်ခွန်တိုးမြှင့် ကောက်ခံမှုမှာ ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရအကြီးအကဲများအနေဖြင့်လည်း ဂျပန်နိုင်ငံအား အကောက်ခွန်တိုးမြှင့်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုရန် အမေရိကန်နိုင်ငံအား တောင်းဆိုလျက်ရှိကြကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၀.၅ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှ တင်သွင်းမှုမှာ ၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့သည့်အတွက် ကုန်သွယ်မှုပိုငွေ ယန်း ၉၁၈.၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံ)ဖြစ်ပေါ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ အာရှနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှာ ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ဥရောပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှာ ၄.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံမှ တင်ပို့ခဲ့သည့်ကုန်စည်များအနက် တင်ပို့မှုပမာဏမြင့်တက်ခဲ့သည့် ကုန်စည်များမှာ စားသောက်ကုန်များ၊ စက်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖြစ်ကြောင်း၊ ရေနံဆီဈေးနှုန်းများ ကျဆင်းလျက်ရှိသည့်အတွက် အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းမှုပမာဏမှာ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)