Japan

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၃.၂၆ သန်း လာရောက်ခဲ့ပြီး စံချိန်တင်များပြားခဲ့

Last Updated:

တရုတ်နှစ်သစ်ကူးအားလပ်ရက်ကာလနှင့် ဆောင်းရာသီအားကစားပြုလုပ်ရန်အတွက် လာရောက်ကြသူများပြားခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုအရေအတွက်မှာ ၁၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၃.၂၆ သန်းဦးရှိခဲ့ကြောင်း ၂၀-၃-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “February foreign visitors to Japan hit monthly record of 3.26 million” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည် ၃ သန်းအထက် များပြားခဲ့ခြင်းမှာ ဩစတြေးလျနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ လာရောက်ခဲ့သူများ များပြားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့က ထုတ်ပြန်ထားကြောင်း၊ ဂျပန်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အများဆုံးလာရောက်ခဲ့သည့် နိုင်ငံများမှာ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ ခရီးသွားဧည့်သည်များလာရောက်မှုမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်းနှင့် ၅၇.၃ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ပြီး၊ ခရီးသွားဧည့်သည် ၈၄၇,၃၀၀ ဦးနှင့် ၇၂၂,၇၀၀ ဦးအသီးသီးရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသို့ ဩစတြေးလျနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၃၃.၅ ရာခိုင်နှုန်းနှင့် ၂၈.၈ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ပြီး၊ ခရီးသွားဧည့်သည် ၈၈,၈၀၀ ဦးနှင့် ၁၉၁,၅၀၀ ဦးရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံသို့ ဗီယက်နမ်၊ ထိုင်ဝမ်နှင့် ဗြိတိန် စသည့်နိုင်ငံ/ဒေသများ အပါအဝင် နိုင်ငံ/ဒေသပေါင်း ၂၀ မှ လာရောက်ခဲ့ကြကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စုစုပေါင်းလာရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်မှာ ၇.၀၄ သန်းရှိခဲ့ပြီး၊ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၈.၅ ရာခိုင်နှုန်း များပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan