Japan

ဂျပန်အစိုးရအနေဖြင့် ကလေးမွေးဖွားနှုန်းကျဆင်းလာမှုကို ဖြေရှင်းနိုင်ရေးအတွက် ကလေးသူငယ်စောင့်ရှောက်ရေးဥပဒေကို ပြဌာန်းခဲ့

Last Updated:

ဂျပန်အစိုးရအနေဖြင့် ကလေးသူငယ်ဆိုင်ရာ ထောက်ပံ့ကြေးများပေးအပ်နိုင်ရေးနှင့် ကလေးပြုစုစောင့်ရှောက်ခွင့်များ ပိုမိုတိုးမြှင့်ပေးခြင်းဖြင့် ကလေးမွေးဖွားနှုန်းကျဆင်းလာမှုကို ဖြေရှင်းနိုင်ရေးအတွက် ကလေးသူငယ်စောင့်ရှောက်ရေးဥပဒေကို ၅-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းခဲ့ပြီးနောက် ဂျပန်အစိုးရအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အာမခံကြေးများတိုးမြှင့်ကောက်ခံခြင်းဖြင့် ကလေးသူငယ်များပြုစုစောင့်ရှောက်ရာတွင် ပံ့ပိုးမှုများပိုမိုပေးအပ်နိုင်ရေးအတွက် ၂၀၂၆ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေအသစ်များတည်ထောင်သွားမည့်အစီအစဉ်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားနှုန်းကျဆင်းလာရခြင်းမှာ အရွယ်လွန်မှအိမ်ထောင်ပြုခြင်းနှင့် ကလေးငယ်များပြုစုပျိုးထောင်ရန် ကုန်ကျစရိတ်မတတ်နိုင်သည့်အတွက်ဖြစ်ကြောင်း၊ စီမံချက်အသစ်အရ ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဂျပန်အစိုးရအနေဖြင့် ယန်း ၆၀၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄ ဘီလီယံ) ရန်ပုံငွေရရှိရေးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၂၈ ဘဏ္ဍာနှစ်တွင် ယန်း ၁ ထရီလီယံအထိရရှိနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ရရှိနိုင်ရေးအတွက် အစိုးရအနေဖြင့် ကျန်းမာရေအာမခံများမှ ကောက်ခံသွားမည်ဖြစ်ပြီး၊ ပေးဆောင်ရမည့်နှုန်းထားများမှာ လစာဝင်ငွေပေါ်မူတည်၍ တစ်ဦးလျှင် ၅၀ ယန်းမှ ၁,၆၅၀ ယန်းအထိတိုးမြှင့်ပေးဆောင်ရနိုင်မည်ဖြစ်ကြောင်း၊Child Support Fund အတွက် ရန်ပုံငွေများကို အဓိကအားဖြင့် လူမှုဖူလုံရေးဆိုင်ရာအသုံးစရိတ်များမှ သုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကလေးသူငယ်ဆိုင်ရာထောက်ပံ့ကြေးများကို ယခင်က မိဘများနှင့် ကလေးသူငယ်စောင့်ရှောက်သူများ၏ ဝင်ငွေပေါ်မူတည်၍ ပေးအပ်ခဲ့သော်လည်း ယခုအခါ ဝင်ငွေပမာဏကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ကြောင်း၊ ယခင်က အသက် ၁၅ နှစ်အောက် ကလေးရှိသည့် အိမ်ထောင်စုများကို ထောက်ပံ့ပေးခဲ့ပြီး ယခုအခါ အသက် ၁၈ အောက်အထိ တိုးမြှင့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကလေး(၃)ဦးနှင့် အထက်ရှိသည့် အိမ်ထောင်စုများအတွက် လက်ရှိရရှိလျက်ရှိသော ထောက်ပံ့ကြေး၏ ၂ ဆကို ရရှိမည်ဖြစ်ပြီး၊ ကလေးတစ်ဦးလျှင် အောက်တိုဘာလမှစ၍ ယန်း ၃၀,၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ ကလေးသူငယ်စောင့်ရှောက်ရေးအတွက် အလုပ်မှခွင့်ယူရသည့်အခါမျိုးတွင် ထောက်ပံ့ငွေများပေးအပ်နိုင်ရေးနှင့် နေ့ကလေးထိန်းဝန်ဆောင်မှုများ တိုးမြှင့်ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ကလေးမွေးဖွားနှုန်းမှာ စံချိန်တင်ကျဆင်းခဲ့ပြီး ၇၅၈,၆၅၁ ဦးရှိခဲ့ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၅.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်မှစတင်၍ ၈၀၀,၀၀၀ ဦးအောက်သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: The Kyodo News (၅-၆-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan