Japan

ဂျပန်အစိုးရအနေဖြင့် ကြေးနီနှင့် သတ္တုသယံဇာတများကို ပြန်လည်အသုံးပြုနိုင်ရေးအတွက် E-waste Hub ၁၀ ခုကို တည်ထောင်သွားရန် ဆောင်ရွက်လျက်ရှိ

Last Updated:

ဂျပန်အစိုးရအနေဖြင့် Mitsubishi Materials အပါအဝင် အခြားသောကုမ္ပဏီများနှင့်ပူးပေါင်းကာ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများမှ ကြေးနီနှင့် အခြားသောသတ္တုသယံဇာတ များပြန်လည်ရယူသုံးစွဲနိုင်ရေးအတွက် E-waste Hub ၁၀ ခုကို တည်ထောင်သွားရန် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါသတင်းတွင် ဂျပန်အစိုးရအနေဖြင့် Mitsubishi Materials အပါအဝင် အခြားသောကုမ္ပဏီများမှ E-waste Hub ၁၀ ခုတည်ထောင်နိုင်ရေးအတွက် ယန်း ၃၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၉၁ သန်း)ကို ၃ နှစ်ကာလအတွင်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ Mitsubishi Materials နှင့်အတူ JX Advanced Metals နှင့် Hanwa တို့အနေဖြင့်လည်း  အဆိုပါစီမံကိန်းတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရအဖွဲ့မှ ယခုလအစောပိုင်းတွင် ချမှတ်သွားမည့်စီမံကိန်းများတွင် ယခုစီမံကိန်းလည်း ပါဝင်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် E-waste တန်ချိန် ၅ သိန်းအထိ ပြန်လည်သုံးစွဲနိုင်ရေးအတွက် မျှော်မှန်းချက်အသစ် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပမာဏမှာ ၂၀၂၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ကာဗွန်ကင်းစင်သော နိုင်ငံများဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြပြီး ဒစ်ဂျစ်တယ်နည်းပညာကို ပြောင်းလဲသုံးစွဲလာကြမည်ဖြစ်သည့်အတွက် ကြေးနီနှင့်အခြားသောသတ္တုများမှာ ပိုမိုလိုအပ်လာနိုင်မည်ဖြစ်ကြောင်း၊ ကြေးနီကို ဆိုလာပြားများ၊ လျှပ်စစ်ယာဉ်များနှင့် ကမ်းလွန်လေရဟတ်များအတွက် ကေဘယ်ကြိုးများအဖြစ် သုံးစွဲလျက်ရှိကြကြောင်း၊ လျှပ်စစ်ယာဉ်များ၏ ဘက်ထရီများတွင် Lithium ၊ Nickel နှင့် Cobalt တို့ကို အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုဆိုင်ရာအချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ကြေးနီအပိုင်းအစများတင်ပို့မှုမှာ ၄၀၂,၈၈၇ တန်ရှိခဲ့ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တန်ချိန် ၄ သိန်းကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကြေးနီတင်ပို့မှုမှာ ၃၇၅,၀၀၀ တန်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာတွင် နိုင်ငံအနည်းငယ်သာ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများကို ထိရောက်စွာပြန်လည်သုံးစွဲနိုင်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း(OECD)၏ အဖွဲ့ဝင်နိုင်ငံများအနက် စွန့်ပစ်ပစ္စည်းများပြန်လည်အသုံးပြုနိုင်သည့် ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် ၃၅၀,၀၀၀ ကိုပြန်လည်အသုံးပြုနိုင်ခဲ့ကြောင်းနှင့် အဆိုပါပမာဏသည် တင်သွင်းလာသည့်ကုန်စည်များမှ ထွက်ရှိလာသည့် E-waste ပမာဏ၏ ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိကြောင်း ဖော်ပြထားပါသည်။

စွန့်ပစ်ပစ္စည်းများ၏ ကုန်သွယ်မှုကိုထိန်းချုပ်သည့် Basel Convention တွင်လည်း E-waste ဆိုင်ရာပို့ကုန်စည်းမျဉ်းများကို ၂၀၂၅ ခုနှစ်မှစတင်၍ တင်းကြပ်စွာသတ်မှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံသို့ သွင်းကုန်များလျော့နည်းလာနိုင်သည့်အတွက် ပြည်တွင်း၌ သယံဇာတအရင်းအမြစ်များ ဖူလုံစွာရရှိထားနိုင်ရေး လိုအပ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်စေရေး ဆောင်ရွက်လျက်ရှိသည့်အတွက် ကမ္ဘာ့ကြေးနီဝယ်လိုအားမှာ ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် သန်း ၃၀ ရှိလာနိုင်သည်ဟု နိုင်ငံတကာစွမ်းအင်အေဂျင်စီက ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia (၂-၆-၂၀၂၄)

Category: Japan