အမေရိကန်နိုင်ငံမှချမှတ်ခဲ့သည့် အပြန်အလှန်အခွန်ကောက်ခံမှုနှုန်းထားအတွက် ယာယီရပ်ဆိုင်းပေးထားသည့် ရက်ပေါင်း ၉၀ သည် ၉-၇-၂၀၂၅ ရက်နေ့တွင် ပြီးမြောက်မည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ လုပ်ငန်းဆောင်ရွက်ချက်ညွှန်းကိန်းများ(Business Confidence Index–BCI )သည် ၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်ကာလအတွင်း ကျဆင်းခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံစားသုံးသူများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများကျဆင်းခဲ့ပြီး ဝင်ငွေလုံလောက်မှုမရှိသဖြင့် ၎င်းတို့အပေါ်လည်း သက်ရောက်မှုများဖြစ်ပေါ်စေခဲ့ပါသည်။
အမေရိကန်၏ အခွန်နှုန်းထားကြောင့် ဖိလစ်ပိုင်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့နေမှုများ၏ အခြေအနေနှင့် ကုန်ထုတ်လုပ်မှုများအတွက် မရေရာ၊ မသေချာမှုများဖြစ်ပေါ်စေခဲ့ပါကြောင်း၊ အဆိုပါအကြောင်းအချက်သည် ဖိလစ်ပိုင်လုပ်ငန်းရှင်များအတွက် လက်ရှိကာလတွင် အဓိကအခက်အခဲဖြစ်နေပါကြောင်း ဖိလစ်ပိုင်ဗဟိုဘဏ်စစ်တမ်းအရ သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်၏ BCI သည် ၃၁.၂% ရှိရာမှ ၂၈.၈% သို့ ကျဆင်းခဲ့ကြောင်း ထုတ်ပြန်သည့်ကိန်းဂဏန်းများအရ သိရှိရပါကြောင်း၊ သကြားစက်ရုံများခေတ္တရပ်ဆိုင်းသည့် ရာသီဖြစ်ခြင်းနှင့် မေလက ကျင်းပပြုလုပ်ခဲ့သည့် နှစ်လယ်ရွေးကောက်ပွဲကာလအပြီး BCI ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။
ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ချက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် ၅.၃% ရှိရာမှ ဒုတိယ ၃ လပတ်တွင် ၅.၄% သို့မြင့်တက်ခဲ့ပါကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ်၊ အလားတူကာလက ၅.၇% ရှိခဲ့သည့်အတွက် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပါသည်။ နှစ်လယ်ရွေးကောက်ပွဲကာလမတိုင်မီ အစိုးရ၏ စီးပွားရေးလုပ်ဆောင်ချက်များကို ၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်ထဲတွင် ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောကြားထားသည်ဟု ဖော်ပြပါရှိပါသည်။
Cabinet-level Development Budget Coordination Committee-DBCC မှလည်း လတ်တလောဖြစ်ပွားလျက်ရှိသောပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် စီးပွားရေးတိုးတက်မှုနှုန်းလျာထားချက်ကို မူလခန့်မှန်းထားသည့် ၆.၅% မှ ၅.၅% သို့လျှော့ချသတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒုတိယ ၃ လပတ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးလာခြင်း၊ ဝင်ငွေလျော့နည်းလာခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာခြင်းတို့သည် အဓိကအကြောင်း ရင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ ရလဒ်အားဖြင့် overall consumer confindence index မှာ ၂၀၂၅ ခုနှစ်၊ ပထမ ၃ လ ပတ်တွင် ၁၄% ရှိရာမှ ၁၃% သို့ကျဆင်းခဲ့ပါသည်။ ဖော်ပြပါညွှန်းကိန်းများသည် ဖိလစ်ပိုင်ဗဟိုဘဏ်မှ ငွေကြေးမူဝါဒချမှတ်နိုင်ရေး ထည့်သွင်းတွက်ချက်ရသည့် အရေးကြီးသော ကိန်းဂဏန်း၊ အချက်အလက်များဖြစ်ပါ ကြောင်း၊ ဗဟိုဘဏ်အတိုးနှုန်းကိုလည်း ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ၅.၅% မှ ၅.၂၅% သို့ လျှော့ချသတ်မှတ်ခဲ့ကြောင်းလည်း ဖော်ပြပါရှိပါသည်။
Source: https://mb.com.ph/2025/06/30/us-tariffs-dampen-philippine-business-confidence-in-q2
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)