Japan

အရေးပေါ်အခြေအနေကို ခံနိုင်ရည်စွမ်းရှိသည့် အင်ဒို-ပစိဖိတ်ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ဖြစ်စေရေး ဂျပန်-တောင်ကိုရီးယားပူးပေါင်းဆောင်ရွက်သွားမည်

Last Updated:

အရေးပေါ်အခြေအနေတွင် အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင်(IPEF)၏အဖွဲ့ဝင်နိုင်ငံများအကြား အရေးပါသည့်အရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိနိုင်မှုသေချာစေရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ခိုင်မာအားကောင်းစေရန် ဂျပန်-တောင်ကိုရီးယားပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါသတင်းတွင် အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင်(IPEF)အဖွဲ့ဝင်နိုင်ငံများအကြား အရေးပေါ်အခြေအနေတုံ့ပြန်ရေးကွန်ယက်(Crisis Response Network) တည်ထောင်သွား မည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ၃၀-၇-၂၀၂၄ ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ အဆိုပါအဖွဲ့တွင် တောင်ကိုရီးယားနိုင်ငံမှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ဂျပန်နိုင်ငံမှ ပူးတွဲဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါကွန်ယက်အနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများအား ဆိုက်ဘာတိုက်ခိုက်ခံရမှုနှင့် သဘာဝဘေးဒဏ်ကြောင့်အပါအဝင် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များပြတ်တောက်သည့်အခါ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေဖြစ်ပွားပြီး ၁၅ ရက်အတွင်း အရေးပေါ်အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

IPEF အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်သည့်အချိန်တွင် ကုန်စည်သိုလှောင်ထားရှိမှုဆိုင်ရာအချက်အလက်များကို မျှဝေသွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအများအပြားအနေဖြင့် အရေးကြီးကုန်စည်များအလျင်အမြန်လိုအပ်လာသည့်အချိန်တွင် မိတ်ဖက်အဖွဲ့ဝင်နိုင်ငံများမှ ကုန်စည်များမျှဝေသွားခြင်းနှင့် အခြားသောထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ပြန်လည်ကောင်းမွန်လာစေမည့်နည်းလမ်းများကိုရှာဖွေသွားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဆေးဝါးများနှင့် အရေးပါသည့်သယံဇာတများအားလုံးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားကြောင်း၊ အရေးပေါ်အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပို့ကုန်ထိန်းချုပ်မှုများကင်းလွတ်ခွင့်ပြုခြင်းအပါအဝင် အခြားသောလုပ်ငန်းစဉ်များကို လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် အစမ်းလေ့ကျင့်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

အရေးပေါ်အခြေအနေတုံ့ပြန်ရေးကွန်ယက်(Crisis Response Network)အနေဖြင့် ယခင်က ဖြစ်ပွားခဲ့သော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်ခဲ့သည့် အခြေအနေများအပေါ်တွင်လည်း သင်ခန်းစာယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဒီဇယ်အသုံးပြုသည့် မော်တော်ယာဉ်များမှ ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချနိုင်စေရန်အတွက် အသုံးပြုသည့် ယူရီးယားပြတ်လပ်မှုကို ၂၀၂၁ ခုနှစ်တွင် ကြုံတွေ့ခဲ့ရဘူးကြောင်း၊ အဆိုပါကာလမှစတင်၍ တောင်ကိုရီးယားနိုင်ငံအနေဖြင့် အရင်းအမြစ်များတင်သွင်းရာ၌ တရုတ်နိုင်ငံအပေါ် မှီခိုရလျက်ရှိမှုကို ပြန်လည်သုံးသပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်-အမေရိကန်အားပြိုင်မှုဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်တွင် သမ္မတဂျိုးဘိုင်ဒင်၏ဦးဆောင်မှုဖြင့် အမေရိကန်နိုင်ငံအနေဖြင့် အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင်(IPEF)ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် IPEF အဖွဲ့ဝင်နိုင်ငံများအကြား အရေးကြီးကုန်စည်များပြတ်လပ်မှုမရှိစေရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ခိုင်မာအားကောင်းစေရေးဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း၊ IPEF အဖွဲ့ဝင်များတွင် ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ဖီဂျီနှင့် အရှေ့တောင်အာရှမှ နိုင်ငံ ၇ နိုင်ငံပါဝင်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: Japan