Scan စက်များ၏ အသံများနှင့် အလုပ်သမားများ၏ လျင်မြန်သောရွေ့ရှားမှုများကြားတွင် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ကျီလင်း (Jilin)ပြည်နယ်ရှိ ဟွန်ချွန်နယ်စပ်အထူးစီးပွားရေးဇုန်၏နယ်စပ်ဖြတ်ကျော် e-commerce ကြီးကြပ်ရေးဌာနတွင် ပို့ဆောင်ရမည့် ပါဆယ်ပေါင်းများစွာသည် ကွန်ဗေးယာဘီးများ(conveyor belts)ပေါ်တွင် လျင်မြန်စွာရွေ့လျားလျက်ရှိသည်။ တံဆိပ်ကပ်ခြင်း၊ အမျိုးအစားခွဲခြင်းနှင့် ကုန်တင်ကားများပေါ်သို့တင်ဆောင်ခြင်း စသည်တို့ကို ချောမွေ့စွာဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာ ပို့ဆောင်ရေးအတွက် ရည်ရွယ်သော အဆိုပါပါဆယ်များသည် "ဒစ်ဂျစ်တယ်လမ်းကြောင်း"(digital channel)တစ်ခုမှတစ်ဆင့် ရုရှားနိုင်ငံတစ်ဝှမ်းရှိ အိမ်ထောင်စုများထံသို့ ပို့ဆောင်သွားရန် စီစဉ်ထားသည်။
ရုရှားနိုင်ငံ၊ Primorsky Krai နှင့်နယ်နိမိတ်ချင်းထိစပ်နေသော အရှေ့ကျီလင်းပြည်နယ်ရှိ ဟွန်ချွန်မြို့(Hunchun)သည် ရှည်လျားသော သမိုင်းကြောင်းတစ်လျှောက် ရိုးရာနယ်စပ်ကုန်သွယ်မှုအတွက် လူသိများခဲ့ပြီး ယနေ့ခေတ်တွင် "ဒစ်ဂျစ်တယ်နယ်စပ်ကုန်သွယ်ရေး"(digital frontier trade)၏စွမ်းအားပြည့်ဗဟိုချက်တစ်ခုအဖြစ် ပေါ်ထွက်လာသည်။
ရုရှားစားသုံးသူများက e-commerceပလက်ဖောင်းများပေါ်တွင် မှာယူမှုများပြုလုပ်ပြီးသည့်အခါ တရုတ်နိုင်ငံတစ်ဝှမ်းမှ ကုန်ပစ္စည်းများသည် ဟွန်ချွန်မြို့တွင် စုစည်းလာခဲ့ကြကြောင်း၊ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ပြီးနောက် ၎င်းတို့ကို ပြည်ပဂိုဒေါင်များသို့ တိုက်ရိုက်ပို့ဆောင်ပေးပါကြောင်း ဟွန်ချွန်နယ်စပ်အထူးစီးပွားရေးဇုန်အုပ်ချုပ်ရေးအဖွဲ့၏ e-commerce လုပ်ငန်းဌာန၊ ညွှန်ကြားရေးမှူး Li Jinhai က ပြောကြားခဲ့သည်။ ဤထိရောက်သော နယ်စပ်ဖြတ်ကျော်ကုန်တင်ပို့ဆောင်ရေးကွန်ရက် (cross-border logistics network)သည် တရုတ်နိုင်ငံထုတ် ထုတ်ကုန်များ “Made in China” ကို ရုရှားစားသုံးသူများထံ ယခင်ထက် ပိုမိုမြန်ဆန်စွာရောက်ရှိစေခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဟွန်ချွန်နယ်စပ်အထူးစီးပွားရေးဇုန်ရှိ နယ်စပ်ဖြတ်ကျော် e-commerce ကုန်သွယ်မှုတန်ဖိုးသည် ယွမ်ငွေ ၈.၇၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၂၄ ဘီလီယံ)ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၉၀.၁ ရာခိုင်နှုန်းသိသိသာသာတိုးတက်လာခဲ့သဖြင့် ပြည်ပကုန်သွယ်မှုတိုးတက်ရေးအတွက် ဒေသဆိုင်ရာ စွမ်းအားအသစ်တစ်ခုအဖြစ် အခိုင်အမာရပ်တည်လျက်ရှိသည်။ ၎င်းအထူးစီးပွားရေးဇုန်၏မြောက်ဘက်ရှိ အရှေ့မြောက်အာရှနယ်စပ်ဖြတ်ကျော် e-commerce စက်မှုဥယျာဉ်(Northeast Asia Cross-border E-commerce Industrial Park)တွင် အရှေ့မြောက်အာရှအပြည်ပြည်ဆိုင်ရာဈေးဝယ်စင်တာအဆောက်အဦတစ်ခုထင်ရှားစွာတည်ရှိလျက်ရှိသည်။ ၎င်း၏ပထမအထပ်နှစ်ထပ်တွင် ရုရှား၊ တောင်ကိုရီးယားနှင့် မွန်ဂိုလီးယားစသည့်နိုင်ငံတို့မှ သင့်တင့်သော နေ့စဉ်သုံးကုန်ပစ္စည်းများကို ပြသထားသည့် ပြခန်းများနှင့် အရောင်းစင်တာများရှိသည်။ အခြားအထပ်များတွင် ကွဲပြားသောစီးပွားရေးလုပ်ငန်းများအတွက် ကျယ်ဝန်းပြီး အလင်းရောင်ကောင်းမွန်စွာရရှိနိုင်သည့်ရုံးခန်းနေရာများရှိသည်။
မိမိတို့အနေဖြင့် စိုထိုင်းဆတိုင်းကိရိယာ(humidifiers)၊ ကော်ဖီဖျော်စက်(coffee makers)ကဲ့သို့သောသေးငယ်သည့် လူသုံးကုန်များ၊ လူသုံးလျှပ်စစ်ပစ္စည်းများနှင့် 3D ပရင်တာကဲ့သို့သော ထုတ်ကုန်အသစ်များကို တရုတ်နိုင်ငံမှ ဝယ်ယူပြီး ရုရှားစားသုံးသူများထံ တိုက်ရိုက်ရောင်းချပါကြောင်း e-commerce ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ အထွေထွေမန်နေဂျာ Yan Yuchen က ပြောကြားခဲ့သည်။ ၎င်းကုမ္ပဏီသည် Ozon နှင့် Wildberries ကဲ့သို့သော ရုရှားပလက်ဖောင်းကြီးများပေါ်တွင် ဆိုင်ခန်းများဖွင့်လှစ်ထားရှိပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ လစဉ်အော်ဒါ ၃၀၀၀ ခန့်ကို ဆောင်ရွက်ပေးလျက်ရှိသဖြင့် နှစ်စဉ်ဝင်ငွေသည် ယွမ်သန်း ၂၀ ကျော်ရှိကြောင်း တွေ့ရှိရသည်။
လက်တွေ့ကျသော စားသုံးသူဝန်ဆောင်မှုသည် ၎င်းတို့၏အောင်မြင်မှုအတွက် အဓိကအချက်ဖြစ်သည်။ ကြိုးစားသည့်လူငယ်ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသောအဖွဲ့သည် ဆိုင်၏လုပ်ငန်းလည်ပတ်မှုနှင့် စားသုံးသူများ၏ မေးမြန်းချက်များကို ၂၄ နာရီပတ်လုံး စီမံဆောင်ရွက်နိုင်သည်။
ဘေကျင်းစံတော်ချိန်သည် မော်စကိုစံတော်ချိန်ထက် ငါးနာရီစောကြောင်း၊ဝန်ဆောင်မှုချောမွေ့စေရန်အတွက် ညအချိန်များတွင်ပင် မက်ဆေ့ဂျ်များကို စောင့်ကြည့်ခြင်းနှင့် တုံ့ပြန်ခြင်းတို့ကို ပြုလုပ်ပေးနိုင်သော ဝန်ထမ်းများရှိပါကြောင်း Yan က မှတ်ချက်ပြုပြောကြားခဲ့သည်။ ၎င်းတို့၏ အမြန်ပို့ဆောင်မှုသည် ရုရှားအော်ဒါအများစုကို ၉ ရက်မှ ၁၃ ရက်အတွင်း ပို့ဆောင်ပေးနိုင်ကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။
ရုရှားနိုင်ငံ Vladivostok မြို့ရှိ အရှေ့ဖျားဒေသဆိုင်ရာ ဖယ်ဒရယ်တက္ကသိုလ်တွင် တရုတ်ကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့်မှာယူခြင်းသည် ကျောင်းသားများ၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ မိမိတို့အနေဖြင့် အီလက်ထရွန်းနစ်ပစ္စည်းများအပြင် အဝတ်အစားများအားလုံးအတွက် AliExpress နှင့် Ozon ကဲ့သို့သောအွန်လိုင်းပလက်ဖောင်းများတွင် မကြာခဏဈေးဝယ်ကြောင်း၊ မကြာသေးမီက မိမိအနေဖြင့် NBA အသင်း၏ထုတ်ကုန်(NBA team merchandise)အချို့ကို ဝယ်ယူခဲ့ကြောင်းနှင့် မိမိအတွေ့အကြုံအရ အလွန်ပင်အဆင်ပြေချောမွေ့ပြီး ကျေနပ်ဖွယ်ဖြစ်ကြောင်း ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်ကုန်ပစ္စည်းများသည် ကမ္ဘာလုံးဆိုင်ရာ စားသုံးသူများထံသို့ ရောက်ရှိလာသည်နှင့်အမျှ ရုရှားရေထွက်ထုတ်ကုန်များဖြစ်သော ခုံးမွှေးပုစွန်(scallops)၊ ပင်လယ်ငါး(cod)၊ ပြည်ကြီးငါး(squid)၊ ပဲပုပ်ဆီ(soybean oil)နှင့် နို့မှုန့်များ(milk powder)သည် တရုတ်နိုင်ငံ၏ အိမ်ထောင်စုများကြားတွင် ရောင်းအားကောင်းလာလျက်ရှိသည်။ ဟွန်ချွန်မြို့အခြေစိုက် Jidian အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးလုပ်ငန်းတွင် ဒစ်ဂျစ်တယ်နယ်စပ်ကုန်သွယ်ရေးဝန်ဆောင်မှုပလက်ဖောင်း၏ အကျိုးသက်ရောက်မှုကို တွေ့ရှိရသည်။
အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် နယ်စပ်ဒေသနေထိုင်သူများသည် ရုရှားကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူနိုင်ပြီး ၎င်းတို့ကို ဒေသတွင်းတွင် ပြုပြင်ထုတ်လုပ်မှုများဆောင်ရွက်နိုင်ကြောင်း ကုမ္ပဏီအထွေထွေမန်နေဂျာ Zhu Yang က ပြောကြားခဲ့သည်။ အဆိုပါပလက်ဖောင်းသည် တရုတ်စားသုံးသူများအတွက် အဝေးမှ ဝင်ရောက်ဆောင်ရွက်နိုင်သည့်အပြင် ဒစ်ဂျစ်တယ်ကြေညာချက် (digital declarations)တို့ကို လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်စေသည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် နယ်စပ်ကုန်သွယ်ရေး မူဝါဒများအရ အထူးအခွင့်အရေးများရရှိရန်နှင့် ကုန်ကြမ်းကုန်ကျစရိတ်များလျှော့ချရန် ကူညီပေးသည်။ ရုရှားရောင်းချသူများအတွက်လည်း အတိုင်းအတာတစ်ခုအထိ လက်တွေ့ကျသော အကျိုးခံစားခွင့်များရရှိစေသည်။
အထူးသဖြင့် ကျီလင်းပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လက်တွေ့ကျသည့် အစီအမံများစွာသည် တရုတ်ပါဆယ်ကုန်ပစ္စည်းများ၏ အပြည်ပြည်ဆိုင်ရာချဲ့ထွင်မှုကို အရှိန်မြှင့်တင်ပေးခဲ့သည်။ ဟွန်ချွန်မြို့ရှိ Cainiao ကုမ္ပဏီ၏ ရုရှားနိုင်ငံသို့ သီးသန့်ထောက်ပံ့ပို့ဆောင်ရေးလိုင်းသည် ၃၁ ကီလိုဂရမ်အောက်အလေးချိန်ရှိ ပါဆယ်များအား ဒေသအများအပြားသို့ မြန်မြန်ဆန်ဆန်ပို့ဆောင်ပေးနိုင်ခဲ့သည်။
အလားတူနယ်စပ်ဖြတ်ကျော် e-commerce ကုန်းလမ်းပို့ဆောင်ရေးသည် ဟွန်ချွန်မြို့၊ Vladivostok မြို့နှင့် မော်စကိုမြို့တို့ကို ဆက်သွယ်ပေးထားသည့် "တိုက်ရိုက်လမ်းကြောင်း"(direct corridor)တစ်ခုကို တည်ထောင်ထားသည်။ ကျီလင်းပြည်နယ်၏ မြို့တော်ကျန်းချွန်မြို့(Changchun)တွင် နယ်စပ်ဖြတ်ကျော် e-commerce ပို့ကုန်များအတွက် အထူးအကောက်ခွန်လမ်းကြောင်းသည် ပမာဏများသော(သို့မဟုတ်) အသေးစားကုန်ပစ္စည်းပို့ဆောင်မှုများအတွက် ပို့ကုန်ကြေညာခြင်း၊ စိစစ်ခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်းလုပ်ငန်းစဉ်များကို သိသိသာသာချောမွေ့စေခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ကျီလင်းပြည်နယ်၏ နယ်စပ်ဖြတ်ကျော် e-commerce B2B တိုက်ရိုက်တင်ပို့မှုများသည် တစ်နှစ်ထက်တစ်နှစ် ၂၀၇.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော် e-commerce လုပ်ငန်းသစ် ၂၀၀ ကျော် ထူထောင်နိုင်ခဲ့သည်။
ဟွန်ချွန်မြို့ကဲ့သို့သော နယ်စပ်မြို့များအနေဖြင့် တရုတ်-ရုရှား ဒစ်ဂျစ်တယ်နယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးရန်အတွက် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ"ဒစ်ဂျစ်တယ်လမ်းကြောင်း"(digital corridors)များကို အဓိကအချက်အချာကျသော တံတားများအဖြစ် တိုးမြှင့်အသုံးပြုလာခဲ့ကြပြီး နှစ်နိုင်ငံအတွက် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူတကွ ချမ်းသာကြွယ်ဝမှုကို အားပေးအားမြောက်ပြုလာခဲ့ကြပါသည်။
အရင်းအမြစ်။ https://en.people.cn/n3/2026/0105/c90000-20410315.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)