Russia

ရုရှားအစိုးရက ဓာတ်မြေသြဇာအကောက်ခွန်မဲ့တင်ပို့ခြင်းအတွက် ခွဲတမ်းသတ်မှတ်

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ဓာတ်သတ္တုဓာတ်မြေသြဇာများအကောက်ခွန်မဲ့တင်ပို့မှုအတွက် ခွဲတမ်းစုစုပေါင်းတန်ချိန် ၁၉.၇ သန်းကျော်သတ်မှတ်ထားပြီး အဆိုပါအမိန့်ကို ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

နိုက်ထရိုဂျင်ဓာတ်မြေဩဇာများ(ယူရီးယား၊ ယူရီးယား-အမိုနီယမ်အရောအနှော၊ အမိုနီယမ်နိုက်ထရိတ်)အတွက် တန်ချိန် ၁၂.၄ သန်းကျော်နှင့် အခြားဓာတ်မြေသြဇာများအတွက် တန်ချိန် ၇.၃ သန်းကျော်အပါအဝင် စုစုပေါင်းပို့ကုန်ခွဲတမ်းမှာ တန်ချိန် ၁၉.၇ သန်းကျော်ရှိမည်ဖြစ်သည်။ ရုရှားစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်လုပ်ငန်းရှင်များအကြား ပို့ကုန်ခွဲတမ်းပမာဏကို ခွဲဝေသတ်မှတ် ပေးရန်တာဝန်ရှိသည်။

အဆိုပါခွဲတမ်းပမာဏများသည် Abkhazia နှင့် South Ossetia နိုင်ငံများအတွက် ဓာတ်မြေသြဇာများထောက်ပံ့မှုတွင် အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။

သမ္မတ၏ညွှန်ကြားချက်အရ ရုရှားနိုင်ငံမှဓာတ်သတ္တုဓာတ်မြေသြဇာများတင်ပို့မှုခွဲတမ်းကိုသက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ယင်းသည် ပြည်တွင်းဈေးကွက်တွင် ဓာတ်မြေသြဇာကို လုံလောက်သောပမာဏအား ထောက်ပံ့ပေးနိုင်ပြီး နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုကို အာမခံပေးနိုင်မည်ဖြစ်ကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ရုရှားအစိုးရသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်အထိ နိုက်ထရိုဂျင်ဓာတ်မြေဩဇာများ တန်ချိန် ၉.၈၁ သန်းအပါအဝင် စုစုပေါင်းဓာတ်မြေသြဇာတင်ပို့မှုအပေါ် အကောက်ခွန်မဲ့ခွဲတမ်းပမာဏကို တန်ချိန် ၁၆.၉၅ သန်းသတ်မှတ်ခဲ့ပါသည်။

ဓာတ်သတ္တုဓာတ်မြေသြဇာများတင်ပို့ခြင်းအတွက် အကောက်ခွန်မဲ့ခွဲတမ်းကို ပြည်တွင်းစားသောက်ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းအား ကာကွယ်တားဆီးရန် အစီအမံများထဲမှ တစ်ခုဖြစ်ပြီး အဆိုပါအစီအမံသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ကာ အကြိမ်ကြိမ်သက်တမ်းတိုးလျက်ရှိကြောင်း သိရှိရပါသည်။

အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ရုရှားသည် နိုင်ငံပေါင်း ၇၂ နိုင်ငံသို့ ဓာတ်မြေသြဇာများတင်ပို့ခဲ့ပြီး စုစုပေါင်းတန်ချိန် ၃၂ သန်းရှိကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါးရှိကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်တွင် ဘရာဇီး၊ အိန္ဒိယနှင့် အမေရိကန်တို့သည် ရုရှားဓာတ်မြေသြဇာများကို အများဆုံးဝယ်ယူတင်သွင်းခဲ့သည့်နိုင်ငံများဖြစ်ခဲ့ပြီး ရုရှားနိုင်ငံ၏တင်ပို့မှုစုစုပေါင်း ၆၀ ရာခိုင်နှုန်းခန့်ဖြစ်သည့် တန်ချိန် ၁၈.၅ သန်းရှိကြောင်း သိရှိရပါသည်။

Source :   https://ria.ru/20240428/udobreniya-1942895745.html

https://www.garant.ru/products/ipo/prime/doc/408860093/

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia